Homeပြည်တွင်းသတင်းကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းက ရွာ ၆ ရွာကို ဝင်ပြီး ဒေသခံပြည်သူ ၁၀၀ ဝန်းကျင်ကို ဖမ်းဆီး

ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းက ရွာ ၆ ရွာကို ဝင်ပြီး ဒေသခံပြည်သူ ၁၀၀ ဝန်းကျင်ကို ဖမ်းဆီး

၅ နိုဝင်ဘာ၊ ၂၀၂၄

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးတိုက်နယ်က စစ်ကောင်စီ စစ်ကြောင်းဟာ လူနေအိမ် ၈၀၀ ကျော်ကို မီးရှို့ပြီး ဒေသခံပြည်သူ ၁၀၀ ဝန်းကျင်ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၄ ရက် မနက် ၁၀နာရီဝန်းကျင်မှာ ကာဘိုးကျေးရွာ စစ်ကောင်စီအထိုင်စခန်းက ထွက်လာတဲ့ အင်အား ၁၀၀ ကျော်ပါဝင်တဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဘူးကြီးရွာကို ကား ၃ စီးနဲ့ ရောက်လာပြီး ရွာသားတွေ တစ်အိမ်တစ်ယောက် မတက်မနေရ ကျေးရွာအစည်းအဝေးကို ခေါ်ယူပြီး ဒေသခံ ၅၀ ဝန်းကျင်ကို ဖမ်းဆီးသွားပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ လူအရေအတွက်ကို ကျားဘယ်လောက်၊ မ ဘယ်လောက် အတည်မပြုနိုင်သေးပေမယ့် ၅၀ ဝန်းကျင်ရှိမယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေကို ကန့်ဘလူ ၆၀၀၆ တပ်ထဲကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပြီး ဘာအတွက် ဖမ်းဆီးသွားတယ်ဆိုတာ မသိရသေးဘူးလို့ သိရပါတယ်။ ဘူးကြီးကျေးရွာဟာ တိုက်ပွဲဖြစ်ပွားရာဒေသမဟုတ်တဲ့အတွက် ဒေသခံတွေဟာ စစ်မရှောင်ကြဘဲ ရွာသူရွာသားတွေ နေအိမ်မှာပဲ ရှိနေကြတာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၄ရက် ညနေ ၆ နာရီဝန်းကျင်မှာ ကာဘိုးရွာ ပျူစောထီးအထိုင်စခန်းမှာ ရောက်နေတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး (၅၀) လောက်က (၁၂) ဘီးကားတစ်စီးနဲ့ ကျီကုန်းကျေးရွာကို ဝင်ရောက်ပြီး ဒေသခံ ပြည်သူအယောက် (၃၀)ဝန်းကျင်ကို ထပ်မံဖမ်းဆီးပြီး ကာဘိုးရွာ ရဲမာန်စာသင်ကျောင်းထဲကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၃၁ရက်က စစ်ကောင်စီနဲ့ပျူစောထီး အင်အား ၁၆၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းဟာ ကျီစုနဲ့ကျောက်တိုင်ရွာက လူနေအိမ် ၇၀၀ နီးပါးကို မီးရှို့ပြီး အိုင်ပေါင်းချောင်ကျေးရွာ ဘုန်းကြီးကျောင်းက စစ်ရှောင် အမျိုးသား ၃၄ ဦးနဲ့ အမျိုးသမီး ၃ ဦးကို PDF နဲ့ ဆက်စပ်နေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဖမ်းဆီးခေါ်ဆောင်ထားပါတယ်။

ကျီစုနဲ့ ကျောက်တိုင်ရွာကို မီးရှို့ဖျက်ဆီးတဲ့အချိန်မှာပဲ ဒီစစ်ကြောင်းဟာ ပင်စိမ်းရွာနဲ့ မုံလှရွာကို ဒရုန်းသုံးပြီး ဗုံး ၄ လုံး ကြဲချသွားပါတယ်။ အဲဒီစစ်ကြောင်းဟာ နိုဝင်ဘာ ၁ ရက်မှာ ဝက်တိုး ရွာကို ဝင်ရောက်လာပြီး လူနေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၅ ယောက်ကို ဖမ်းဆီးသွားပါတယ်။

ကန့်ဘလူမြို့နယ်မှာ ၆ ရက်အတွင်း စစ်ကြောင်းထိုးပြီး ကျီစု၊ ကျောက်တိုင်၊ အိုင်ပေါင်းချောင်၊ ကျီကုန်း၊ ဘူးကြီး၊ ဝက်တိုးရွာ ၆ ရွာက ပြည်သူ ၁၀၀ ဝန်းကျင်ကို ဖမ်းဆီးပြီး လူနေအိမ် ၈၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ကန့်ဘလူမြို့နယ်ထဲမှာ ထောင်နဲ့ချီတဲ့ပြည်သူတွေဟာ နေအိမ်ကိုစွန့်ခွာပြီး စစ်ရှောင်နေရတာ ဖြစ်ပါတယ်။

ပုံစာ – စစ်ကောင်စီစစ်ကြောင်းက ကန့်ဘလူမြို့နယ် ကျေးရွာတွေကို မီးရှို့ဖျက်ဆီးစဉ်

Photo – ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့

ဆက်စပ် သတင်းများ

Most read