၁ နိုဝင်ဘာ၊ ၂၀၂၄
ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ဘန်လမွန်ဒေသမှာ အောက်တိုဘာ ၃၁ ရက် ၀.၃၆ မိနစ် ဝန်းကျင်က မြန်မာအမျိုးသား တစ်ဦးဟာ ချစ်သူ ထိုင်းအမျိုးသမီးကို ဓားနဲ့ ၃ ချက်ထိုးပြီး သူ့ကိုယ်သူလည်း ဓားနဲ့အချက်ပေါင်းများစွာ ထိုးပြီး သတ်သေမှု ဖြစ်ပွားခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိ ဂျီရာပွန်ဆိုသူ ထိုင်းအမျိုးသမီးက လမ်းခွဲတဲ့အတွက် အသက် ၂၉ နှစ်အရွယ် မြန်မာအမျိုးသားဟာ ဒေါသထွက်ပြီး ရင်ဘတ်ကို နှစ်ချက်အပါအဝင် ဓားနဲ့ ၃ကြိမ် ထိုးသတ်ခဲ့ပြီး သူ့ကိုယ်သူလည်း အဖမ်းခံရမှာကြောက်တဲ့အတွက် ဘယ်ဘက်ရင်အုံကို ဓားနဲ့ထိုးပြီး သတ်သေခဲ့တာပါ။
အမျိုးသမီးကို ကယ်ဆယ်ရေးတွေက ချွန်ဘူရီခရိုင် ဆေးရုံကို အလျင်အမြန်ပို့ဆောင်ခဲ့ပြီး အမျိုးသားကတော့ နေရာမှာတင် သေဆုံးခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
အောက်တိုဘာ ၃၁ ရက် ၊ မနက် ၀နာရီ ၃၆ မိနစ်အချိန်မှာ ဘန်လမွန်ရဲစခန်းက တာဝန်ကျအရာရှိက ဘန်လမွန် အရပ်က အဆောင်တစ်ခုမှာ ဒါးနဲ့ထိုးမှု ဖြစ်ပွားတယ်ဆိုတဲ့ တိုင်ကြားချက်ရရှိခဲ့ပြီး ရဲအရာရှိတွေ၊ ကယ်ဆယ်ရေး အဖွဲ့တွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့ပါတယ်။
မျက်မြင်သက်သေတွေရဲ့ ပြောပြချက်အရ အသက် ၂၉ နှစ်အရွယ် မြန်မာအမျိုးသားဟာ သွေးအိုင်ထဲလဲနေပြီး ဘယ်ဘက်ရင်အုံအပါအဝင် ဓားဒဏ်ရာ ၄ ချက်တွေ့တယ်လို့ ဆိုပါတယ်။
အနီးမှာ ၁၅ စင်တီမီတာရှည်တဲ့ သစ်သီးလှီးဓားနဲ့ Rayong မှတ်ပုံတင်ထားတဲ့ Honda PCX ဆိုင်ကယ်တစ်စီး တွေ့ရပြီး ဒီဓားနဲ့ ထိုးသတ်ရတယ်လို့ ယူဆနေကြပါတယ်။ အဆောင်အဝင်ဝမှာ ဂျီရာပွန်ကိုလည်း ဒဏ်ရာတွေနဲ့ တွေ့ပြီး ညာလက်မှာ ၁ ချက် ၊ ရင်ဘတ်မှာ ၂ ချက် တွေ့ရတယ်လို့ ဆိုပါတယ်။
သူမရဲ့ အကူအညီတောင်းသံကို အနီးက အမည်မဖော်လိုသူက ကြားရပြီး ရဲစခန်းကို တိုင်ကြားပေးခဲ့တာပါ။ “အစက ဘယ်သူမှ ထွက်မလာရဲဘူး။ ဒါပေမဲ့ အမျိုးသမီးတယောက်အကူအညီတောင်းနေတဲ့အတွက် အချင်းချင်းကူကြဖို့ လှမ်းခေါပြီး ထွက်လာကြတာပါ။” လို့ အနီးအနား နေထိုင်သူ တစ်ဦးက ပြောပါတယ်။
ဘန်လမွန်ရဲစခန်းက အရာရှိတွေက ဖြစ်စဉ်နဲ့သက်ဆိုင်တဲ့ သက်သေအထောက်အထားတွေကို စုဆောင်းနေပြီး အနီးပတ်ဝန်းကျင်က CCTV မှတ်တမ်းတွေကိုပါ သက်သေ ယူထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဘာသက်သေမှ အခုထိ မရသေးဘူးလို့ ဆိုပါတယ်။
ပုံစာ – အခင်းဖြစ်ပွားရာကို မြင်တွေ့ရစဉ်
Photo – Thaiger