Homeပြည်တွင်းသတင်းသတ်ဖြတ်ခံရတဲ့ ပလက်ဝဒေသခံသုံးဦး အမှုမှန်ပေါ်ပေါက်ရေး ကြိုးပမ်းသွားမယ်လို့ IKACC ထုတ်ပြန်

သတ်ဖြတ်ခံရတဲ့ ပလက်ဝဒေသခံသုံးဦး အမှုမှန်ပေါ်ပေါက်ရေး ကြိုးပမ်းသွားမယ်လို့ IKACC ထုတ်ပြန်

၅ စက်တင်ဘာ၊၂၀၂၄

ချင်းပြည်နယ် ပလက်ဝမြို့နယ် မောင်နှမရွာက မိသားစုဝင်သုံးဦး သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ် ပေါက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံ ကောင်စီ (IKACC) က အောက်တိုဘာ ၄ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

သတ်ဖြတ်ခံခဲ့ရသူတွေဟာ ပလက်ဝမြို့နယ် မောင်နှမကျေးရွာက အသက် ၆၁ နှစ်အရွယ် ဦးဆန်းအောင်၊ အသက် ၂၆ နှစ်အရွယ် ကိုအိုက်မြင့်နဲ့ အသက် ၁၃ နှစ်အရွယ် မောင်ပိစီထွန်းတို့ ဖြစ်ပြီး ၎င်းတို့ဟာ စက်တင်ဘာ ၈ ရက်နေ့က ပလက်ဝကနေ ကျောက်တော်ကို ပိုက်ဆံထုတ်ဖို့ သွားခဲ့တာဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်နေ့မှာ ၎င်းတို့ သုံးယောက်လုံးရဲ့ အလောင်းကို ကျောက်တော်မှာပဲ ပြန်တွေ့ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုသတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး IKACC အနေနဲ့ လူသားမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်အပေါ် ကန့်ကွက် ရှုတ်ချတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒီအမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားမျှတမှု ရရှိရေး၊ ကျူးလွန်တဲ့သူကို ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးနိုင်ရေးအတွက် IKACC အနေနဲ့ ကြိုးစားသွားမှာဖြစ်ပြီး ဒေသတွင်း သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ဝိုင်းဝန်း ဆောင်ရွက် ကြဖို့ တိုက်တွန်းတယ်လို့လည်း ဆိုပါတယ်။

လကိရှိမှာ ပလက်ဝနဲ့ ကျောက်တော်မြို့တွေဟာ AA တပ်ဖွဲ့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေဖြစ်တာကြောင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် အာရက္ခတပ်တော် (AA) ကို အကြောင်းကြားထားပေမဲ့ တုံ့ပြန်တာတော့ မရှိသေးဘူးလို့ IKACC ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

Photo – IKACC

ဆက်စပ် သတင်းများ

Most read