Homeပြည်တွင်းသတင်းသုံးဆယ်ပေးအပါအဝင် PDF စခန်းတချို့ ကို စီးနင်းထားကြောင်း ဝါဒဖြန့်သတင်းတွေမှာ စစ်ကောင်စီဖော်ပြ

သုံးဆယ်ပေးအပါအဝင် PDF စခန်းတချို့ ကို စီးနင်းထားကြောင်း ဝါဒဖြန့်သတင်းတွေမှာ စစ်ကောင်စီဖော်ပြ

၃၀ စက်တင်ဘာ၊ ၂၀၂၄

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အနောက်ဘက်ခြမ်းသုံးဆယ်ပေးရွာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်စခန်းအပါအဝင် PDF စခန်းတချို့ ကို စီးနင်းတိုက်ခိုက်နိုင်တယ်လို့ စစ်ကောင်စီ ဝါဒဖြန့်သတင်းဌာနတွေက စက်တင်ဘာလ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။

မန္တလေးမြောက်ဘက် ဧရာဝတီမြစ်တကြောက သုံးဆယ်ပေး၊ ကုန်းတန်းလေး၊ ကုန်းတန်းကြီး၊ ဘိုကုန်း၊ ကြိမ်တော၊ ဘုရားမကုန်း၊ ဆူးလေကုန်း၊ ရွှေဘောင်၊ သဖန်းဒေါင့်၊ ငယ်တိုးနဲ့ သနပ်ကုန်းရွာတွေကိုလည်း အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းရေး လုပ်ခဲ့တယ်လို့ ဝါဒဖြန့် တယ်လီဂရမ် သတင်းတွေမှာ ဖော်ပြပါတယ်။

မတ္တရာက တခြားဒေသခံတွေက သုံးဆယ်ပေးရွာမှာ တိုက်ပွဲတွေ ဖြစ်ပွားတာမှန်ပေမဲ့ PDF တပ်စခန်းတွေကို သိမ်းနိုင်တယ်ဆိုတဲ့သတင်းကတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ မတ္တရာဒေသတွင်းမှာ ဒေသခံတွေ ပြောဆိုမှုအရ ပြည်သူ့ကာကွယ်ရေးတပ်မတော်က နယ်မြေထိန်းသိမ်း ထားပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်က တိုက်နယ် ၃ မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ အခြေခံ စစ် ပညာ သင်တန်း အပတ်စဥ် (၅) သင်တန်းဆင်းပွဲကို ကျင်းပထားတယ်လို့ ဆိုပါတယ်။

မန္တလေးမြို့နဲ့ ဆယ်မိုင်လောက်သာ ဝေးတဲ့ မတ္တရာမြို့နယ် အနောက်ခြမ်း ဧရာ၀တီမြစ်ဘေးက တိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းက တိုက်ခိုက်တာတွေကြောင့် အရပ်သား လေးဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။

မတ္တရာမြို့နယ်မှာ စကစရဲ့ သန်းခေါင်စာရင်း ကောက်ယူမှုမှာ ကူညီပါဝင်တဲ့ဘယ်သူ့ကိုမဆို ပြတ်ပြတ် သားသားအရေးယူမယ်လို့ မတ္တရာ ပကဖက သတင်းထုတ်ပြန်ထားပါတယ်။

မတ္တရာမြို့နယ်ထဲက စစ်ကောင်စီ တပ်စခန်း ၃၅ ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သိမ်းယူနိုင်ခဲ့တယ်လို့ ဇူလိုင်လ ၃၁ ရက်က တရားဝင် ထုတ်ပြန်ထားပါတယ်။

Photo – CJ

ဆက်စပ် သတင်းများ

Most read