Homeပြည်တွင်းသတင်းပြည်ပကို အလည်ဗီဇာနဲ့ ထွက်မည့် လူငယ်တွေကို ပြန်လာမှာဖြစ်ကြောင်း အာမခံ သူရှိမှ ထွက်ခွင့်ပေးမည်ဟု ဆို

ပြည်ပကို အလည်ဗီဇာနဲ့ ထွက်မည့် လူငယ်တွေကို ပြန်လာမှာဖြစ်ကြောင်း အာမခံ သူရှိမှ ထွက်ခွင့်ပေးမည်ဟု ဆို

၂၁ ဩဂုတ်၊ ၂၀၂၄

မြန်မာနိုင်ငံကနေ ပြည်ပကို အလည်ဗီဇာနဲ့ ထွက်မယ့် အသက် ၄၀ အောက် အမျိုးသမီး၊ အမျိုးသားအားလုံး ပထမဆုံးအကြိမ်ပြည်ပထွက်ခွာသူဆိုရင် ပြည်လာမယ်လို့ ထောက်ခံသူ တယောက်က လက်မှတ်ထိုးပေးမှ ပြည်ပထွက်ခွာခွင့်ပေးတော့မှာဖြစ်တယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။

လူငယ်တွေကို စစ်ကောင်စီက လေဆိပ်မှာ တင်းတင်းကြပ်ကြပ်စစ်ဆေးတာတွေ ပြုလုပ်နေပြီး အရင်ကတော့ PV အမျိုးအစား Passport ကိုင်ဆောင်ထားသူတွေကို လေယာဉ်လက်မှတ်အသွားအပြန်၊ Show money နဲ့ ဟိုတယ် Booking တွေ ပြနိုင်ရင် ပြည်ပထွက်ခွာခွင့်ပေးပေမယ့် အခုတော့ အရင်က ပြည်ပမထွက်ခွာဖူးတဲ့ PV အမျိုးအစားကိုင်ဆောင်သူ လူငယ်တွေကို ခွင့်မပြုတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

“PV passport ကိုင်ပြီး ပြည်ပထွက်ခွာသူအရင်က လုံး၀ပြည်ပမထွက်ဖူးသူ လူငယ်တွေကို အကုန်ပြန်လွှတ်တယ်။ လူဦးရေ ရာချီပြန်လွှတ်ခံရပါတယ်။ Airline ကခွင့်ပြုပေမယ့် immigration မရောက်ခင် လေဆိပ်ရဲက စစ်ဆေးပီး ပြန်လွှတ်တာပါ။”လို့ ကိုယ်တိုင်တွေ့ကြုံ ခဲ့သူ တဦးက ပြောပါတယ်။

အဲ့ဒီလို ပြန်လွှတ်တာကြောင့် လေယာဉ်လက်မှတ်ခ အဆုံးခံပြီး ပြန်လိုက်ရသူတွေ အများအပြားရှိနေတယ်လို့လည်း သိရပါတယ်။

ပြည်ပကိုထွက်ခွာမယ့်သူတွေအနေနဲ့ မြန်မာပြည်မှာ အာမခံသူ တယောက်က နေခဲ့ရမှာဖြစ်ပြီး ပြည်ပထွက်ခွာသူပြန်မလာခဲ့ဘူးဆိုရင် အာမခံသူက တာဝန်ယူရမယ့် သဘောရှိတယ်လို့ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ တွေက သုံးသပ်ပါတယ်။

ဒါ့အပြင် ပြည်ပထွက်ခွာမယ့် ပြည်သူတွေအနေနဲ့ ခရီးမထွက် ၁ရက် ကြိုပြီး လေဆိပ်မှာ ဖောင်ဖြည့်ရမယ်လို့ လည်းဆိုပါတယ်။

ပုံစာ – ရန်ကုန်လေဆိပ် ပြည်ပထွက်ခွာ ဆိုင်းဘုတ်ကိုတွေ့ရစဉ်

ဆက်စပ် သတင်းများ

Most read