Homeပြည်တွင်းသတင်းအာဏာသိမ်းပြီးနောက်ပိုင်း စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် ETC ကုမ္ပဏီက မြန်မာစစ်အုပ်စုကို စင်ကာပူဒေါ်လာ ၅.၅၇ သန်း ပေးခဲ့

အာဏာသိမ်းပြီးနောက်ပိုင်း စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် ETC ကုမ္ပဏီက မြန်မာစစ်အုပ်စုကို စင်ကာပူဒေါ်လာ ၅.၅၇ သန်း ပေးခဲ့

၂၀ ဩဂုတ်၊ ၂၀၂၄

အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Emerging Towns & Cities Singapore (ETC) က မြန်မာစစ်အုပ်စုကို စင်ကာပူဒေါ်လာ ၅.၅၇ သန်း ပေးအပ်ခဲ့တယ်လို့ Justice For Myanmar အဖွဲ့က စုံစမ်းဖော်ထုတ်လိုက်ပါတယ်။

စင်ကာပူအခြေစိုက် Emerging Towns & Cities (ETC) ကုမ္ပဏီဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုများကို အပြစ်ပေးအရေးယူခံရခြင်း တစ်စုံတစ်ရာမရှိကျူးလွန်နေတဲ့ မြန်မာစစ်အုပ်စုကို ဘဏ္ဍာငွေတွေ ဆက်ပြီး ပေးနေတယ်လို့ Justice For Myanmar က ဩဂုတ်လ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ETC ရဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လအထိ ၆ လစာ ဘဏ္ဍာရေးဆိုင်ရာနောက်ဆုံးထုတ်ပြန်ချက် မှာ Golden City စီမံကိန်းအတွက် မြေငှားရမ်းခ ပရီမီယံကြေး စင်ကာပူဒေါ်လာ ၉၀၀,၀၀၀ ပေးချေခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီ စီမံကိန်းဟာ မြန်မာစစ်အုပ်စုရဲ့ စစ်ထောက်ချုပ်ရုံးထံက မြေငှားရမ်း တည်ဆောက်ထားသတဲ့ အိမ်ခြံမြေ၊ အဆောက်အအုံစီမံကိန်းတစ်ခုဖြစ်တယ်လို့သိရပါတယ်။

အရင် ဘဏ္ဍာရေးအစီရင်ခံစာတွေ အရ ၂၀၂၂ ခုနှစ်မှာ စင်ကာပူဒေါ်လာ ၁.၆၈ သန်းနဲ့ ၂၀၂၃ ခုနှစ်မှာ စင်ကာပူဒေါ်လာ ၂.၉၉ သန်း ပေးချေခဲ့မှုကို တွေ့ရပြီး၊ တရားမဝင်အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်အုပ်စုထံ စုစုပေါင်းပေးချေငွေဟာ စင်ကာပူဒေါ်လာ ၅.၅၇ သန်း ရှိလာပြီဖြစ်တယ်လို့ဆိုပါတယ်။ ၂၀၂၁ ခုနှစ်အတွင်း ပေးချေထားတဲ့ ဘဏ္ဍာရေးအစီရင်ခံစာတွေတော့ မတွေ့ရဘူးလို့သိရပါတယ်။

ယူကေအစိုးရက ရဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ဒဏ်ခတ်ပိတ်ဆို့မှုထုတ်ပြန်ချက်မှာ အဲ့ဒီ စစ်ထောက်ချုပ်ရုံးက “မြန်မာစစ်တပ် တပ်ဖွဲ့များအတွက် လက်နက်ခဲယမ်း၊ ဗုံးများနှင့် လေယာဥ်ဆီများအပါအဝင် စစ်လက်နက်ပစ္စည်းများ ဝယ်ယူရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သည်။ ယင်းလုပ်ရပ်သည် ငြိမ်းချမ်းစွာဆန္ဒပြသူများ၊ လူနည်းစုဝင် လူမျိုးစုများ အပါအဝင် အရပ်သားပြည်သူများအပေါ် ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဖိနှိပ်ခြင်းတို့ကို တိုက်ရိုက်အားပေးကူညီနေသည်”လို့ ဖော်ပြထားပါတယ်။ အဲ့ဒီ​နေ့မှာဘဲ စစ်ထောက်ချုပ်ရုံးကို အမေရိကန်နှင့် ကနေဒါတို့က ပိတ်ဆို့အရေးယူခဲ့ပါတယ်။

ETC ဟာ သူတို့အနေနဲ့ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေကို ရုပ်သိမ်းရေး ဆောင်ရွက်နေပြီဖြစ်တယ်လို့ ဖော်ပြခဲ့ပြီး နောက်ပိုင်းမှာ အခုလို မြန်မာစစ်အုပ်စုကို နောက်ဆုံး ငွေပေးချေမှုတွေ ပေါ်ထွက်လာတာဖြစ်ပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ကလေးသူငယ်တွေကို သတ်ဖြတ်၊ စာသင်ကျောင်းနဲ့ ဆေးရုံဆေးခန်းတွေကို ဗုံးကြဲဖျက်ဆီးပြီး၊ လူသန်းချီ အိုးအိမ်မဲ့ဖြစ်အောင် လုပ်ဆောင်နေတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတရားခံ စစ်အုပ်စုကို ငွေကြေးထောက်ပံ့နေဆဲဖြစ်တဲ့ ETC ကုမ္ပဏီက စင်ကာပူနိုင်ငံမှာ လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေနိုင်တာကတော့ လက်ခံနိုင်ဖွယ် မရှိပါဘူး။ဒီလိုမြန်မာစစ်အုပ်စုကို ငွေကြေးဆက်လက်ထောက်ပံ့နေမှုတွေကတဆင့် ETC ဟာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေမှာ ကြံရာပါ ပါဝင်ပတ်သက်နေပြီပဲ ဖြစ်ပါတယ်။”လို့ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ETC ရဲ့ မြန်မာစစ်အုပ်စုထံ ငွေပေးချေမှုတွေနဲ့ စင်ကာပူ စတော့အိတ်ချိန်းအတွက် သက်ရောက်မှုများဆိုင်ရာ အစီရင်ခံစာတစ်စောင်ကို Justice For Myanmar မှ ထုတ်ပြန်ခဲ့ဖူးပြီး အဲ့ဒီအစီရင်ခံစာအရ ငွေပေးချေမှုတွေမှာ “မြေအသုံးပြုမှုပရီမီယံကြေး” အမေရိကန်ဒေါ်လာ ၆.၈ သန်းနဲ့ နှစ်စဉ်ကြေး အမေရိကန်ဒေါ်လာ ၂.၈ သန်းတို့ ပါဝင်တယ်လို့ သိရပါတယ်။

အဲ့ဒီသဘောတူညီချက်ဟာ တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်း (ဘီအိုတီ) စာချုပ်အရဖြစ်ပြီး၊ ငှားရမ်းမှုသက်တမ်း အများဆုံး နှစ် ၇၀နဲ့ အတူ၊ ပြီးဆုံးတဲ့ အခါတွင် စစ်အုပ်စုဟာ အဲ့ဒီအဆောက်အဦးကို ပိုင်ဆိုင်မှုအဖြစ် ရရှိသွားမှာဖြစ်သလို နှစ် ၇၀ အတွင်း စစ်အုပ်စုထံ စုစုပေါင်းငွေပေးချေမှု အမေရိကန်ဒေါ်လာ ၁၉၁.၁ သန်း ထိရှိသွားမှာဖြစ်ပါတယ်။

Justice For Myanmar ရဲ့ အစီရင်ခံစာကို ပြန်လည်တုံ့ပြန်တဲ့ အနေနဲ့ စင်ကာပူစတော့အိတ်ချိန်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ETC ကို စည်းမျဉ်းစည်းကမ်းဆိုင်ရာ အရေးယူဆောင်ရွက်မှုတွေ ချမှတ်ခဲ့တယ်လို့သိရပါတယ်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ ETC ဟာ စင်ကာပူကုမ္ပဏီ Grand Ally Investments ကုမ္ပဏီနဲ့ ရောင်းဝယ်မှုသဘောတူညီချက်တစ်ရပ် ချုပ်ဆိုခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး၊ မကြာသေးမီက စာချုပ်ပါနောက်ဆုံးရက် သတ်မှတ်ချက်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တိုးမြှင့်ခဲ့ပါတယ်။

ETC နဲ့ Grand Ally ကုမ္ပဏီနှစ်ခုလုံးဟာ စင်ကာပူမှာ မှတ်ပုံတင်ထားတာကြောင့် စင်ကာပူဟာ မြန်မာစစ်အုပ်စုနဲ့ လုပ်ကိုင်နေတဲ့ Golden City စီးပွားရေးလုပ်ငန်းနဲ့ ဆက်လက်ထိတွေ့ ချိတ်ဆက်နေဆဲဖြစ်သလို လက်ရှိကျူးလွန်နေတဲ့ စစ်အုပ်စုရဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုများကို ငွေကြေးဆက်လက် ထောက်ပံ့ ကူညီနေတာဖြစ်တယ်လို့ Justice For Myanmar တာဝန်ရှိသူကပြောပါတယ်။

မြန်မာ စစ်အုပ်စုရဲ့ စီးပွားရေးလုပ်ငန်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ဖို့နဲ့ Golden City ကို ဆက်ခံမယ့် ရင်းနှီးမြှုပ်နှံသူတွေနဲ့ ETC တို့u မြန်မာစစ်အုပ်စုကို ငွေကြေးတွေ ဆက်လက်ပေးချေမှုများကို တားဆီးပေးရန် စင်ကာပူနိုင်ငံကို Justice For Myanmar က တောင်းဆိုထားပါတယ်။

ဒါ့အပြင် အစိုးရတွေ အနေနဲ့ စစ်ထောက်ချုပ်ရုံးနဲ့ စီးပွားဆက်ဆံမှုများ ဆက်လက်ရှိနေသေးတဲ့ ETC ရဲ့ မြန်မာနိုင်ငံမိတ်ဖက် Jewellery Luck Group of Companies ရဲ့ ပိုင်ရှင်တွေ၊ ဒါရိုက်တာတွေ အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်သင့်တယ်လို့ လည်း တောင်းဆိုထားပါတယ်။

Jewellery Luck Group of Companies ဟာ Golden Land Real Estate Development ရဲ့ ၃၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး စစ်အုပ်စုထိန်းချုပ်ထားတဲ့ မြန်မာ့သစ်လုပ်ငန်းက ကျွန်းသစ်ဝယ်ယူတွေကတဆင့် စစ်အုပ်စုကို ငွေကြေးထောက်ပံ့နေတယ်လို့ Justice For Myanmar သတင်းရင်းမြစ်တွေအရ သိရပါတယ်။

ဒါ့အပြင် ETC ဟာ Golden Land Real Estate နဲ့ နိုင်ငံတကာဘဏ်တွေ ဖြစ်တဲ့ ICBC of China၊ ထိုင်ဝမ်နိုင်ငံ E.SUN နဲ့ မြန်မာ KBZ တို့အကြား ငွေကြေးဆိုင်ရာ သဘောတူချုပ်ဆိုမှုတွေရှိတာကြောင့် အဲ့ဒီဘဏ်တွေဟာလည်း မြန်မာစစ်အုပ်စုကို ငွေကြေးထောက်ပံ့ခြင်းမှာ ဆက်လက်ချိတ်ဆက် ပတ်သက်နေဦးမယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပါဝင်နေတဲ့ ဘဏ်တွေ အနေနဲ့ မြန်မာစစ်အုပ်စုနဲ့ ပတ်သက်ဆက်နွယ်မယ်ဆိုရင် အဲ့ဒီ ဘဏ်တွေရဲ့ ဘဏ္ဍာငွေတွေနဲ့ ပိုင်ဆိုင်မှုတွေဟာ နိုင်ငံဖြတ်ကျော် ငွေကြေးခဝါချမှုဆိုင်ရာ၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုရဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ တရားစွဲဆိုမှုတွေ ခံရနိုင်တယ်လို့ Justice For Myanmar က သတိပေးထားပါတယ်။

Photo – Golden City

Chinese Version – https://bordereyes.oen.tw/posts/2l8hMCFz1xHLAEhchWLa5bapfDC?locale=en-US

ဆက်စပ် သတင်းများ

Most read