Homeပြည်တွင်းသတင်း"ဝ" ဒေသ ဟိုပန်မြို့မှာ လုံခြုံရေးအတွက် ဟိုပန်-ဖောင်ဆိပ် တစ်ဖက်ကမ်းကိုမကူးဖို့ "ဝ"ခရိုင်အစိုးရ အသိပေးကြေညာ

“ဝ” ဒေသ ဟိုပန်မြို့မှာ လုံခြုံရေးအတွက် ဟိုပန်-ဖောင်ဆိပ် တစ်ဖက်ကမ်းကိုမကူးဖို့ “ဝ”ခရိုင်အစိုးရ အသိပေးကြေညာ

၆ ဩဂုတ်၊ ၂၀၂၄

“ဝ” ဒေသ ဟိုပန်ခရိုင်အစိုးရ လက်အောက်က ဟိုပန်မြို့မှာ ပြည်သူလူထုတွေ ဘေးကင်း လုံခြုံဖို့အတွက် ဟိုပန် – ဖောင်ဆိပ် တံတားတစ်ဖက်ကမ်းကို ခရီးသွားလာခြင်း မပြုကြဖို့ ခရိုင်အစိုးရက အသိပေးထားတယ်လို့ “ဝ”လူငယ်အသံ သတင်းဌာနက ဖော်ပြချက်အရ သိရပါတယ်။

“ဒီသတင်းကမှန်ပါတယ်။ ဒီနေ့ပဲ အုပ်ချုပ်ရေးမှူးတွေခေါ်ယူတွေ့ဆုံပြီး လမ်းညွှန်ချက်အရအသိပေးလိုက်တာပါ။ အဓိကအကြောင်းအရာကတော့ လောက်ကိုင်ဒေသနဲ့ ပတ်သက်မယ်လို့သိရပါတယ်။ အသေးစိတ်တော့ မသိရသေးပါဘူး။ ကြိုတင်ပြီးအသိပေးလိုက်တာပါ။ မသွားလာဖို့ အတွက်ပါပဲ” လို့ ဟိုပန် ဒုခရိုင်မှူး ဦးညီနပ်က ပြောဆိုကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

ကိုးကန့်ဒေသဖြစ်တဲ့ လောက်ကိုင်ကို စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာမျိုး အဆက်မပြတ်လုပ်ဆောင်နေတဲ့အတွက် ဖောင်ဆိပ်နဲ့ နီးကပ်နေတဲ့ ဝဒေသ ဟိုပန်ခရိုင်အတွက် ခရိုင်အစိုးရက တားမြစ်မိန့်ထုတ်လိုက်တာ ဖြစ်ပါတယ်။

သွားလာဖြတ်သန်းခွင့်ပိတ်ပင်လိုက်တဲ့ ဟိုပန် – ဖောင်ဆိပ်တံတားကို ပြီးခဲ့တဲ့ ဇူလိုင်၂၅ ရက်မှ တံတားဖွင့်ပွဲပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ဟိုပန်မြို့ကို “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် – UWSA က ထိန်းချုပ်ထားပြီး ပြည်နယ်ရဲ့ တရားဝင် ခရိုင်တစ်ခုအဖြစ် ဇွန်လ ၁၃ ရက်က ထုတ်ပြန်ကြေညာထားပြီး ဇွန်လ ၂၈ ရက်မှာ “ဝ” ပြည်နယ် ခရိုင်အဆင့် ခေါင်းဆောင် အသီးသီး တင်မြှောက်ခြင်း အခမ်းအနားကို ကျင်းပခဲ့ရာမှာ ဟိုပန်ခရိုင်ခေါင်းဆောင်လည်း ပါဝင်ပါတယ်။

ပုံ – ဟိုပန်ခရိုင် ဝ ပြည်သူ့အစိုးရ

ဆက်စပ် သတင်းများ

Most read