ဩဂုတ် ၆၊ ၂၀၂၆ | New Day Myanmar
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ကောက်စိုက်ရာက ပြန်လာတဲ့ အမျိုးသမီး ၁၀ ဦး ချောင်းဖြတ်ကူးစဉ် ရုတ်တရက် ချောင်းရေတိုးလာတာကြောင့် ရေမျောပါသွားပြီး ၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက ကနဦးသိရပါတယ်။
ဖြစ်စဉ်ဟာ ဒီနေ့ ဩဂုတ် ၆ ရက် နေ့လယ် ၁၂ နာရီခွဲခန့်က ဒီပဲယင်းမြို့နယ်၊ အင်ဘုတ်ကျေးရွာအုပ်စု၊ ချောင်းရိုးကျေးရွာ မြောက်ဘက်ရှိ ချောင်းကို ကောက်စိုက်သမ ၁၀ ဦး ဖြတ်ကူးနေချိန် ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ချောင်းကို ဖြတ်ကူးနေစဉ် ရုတ်တရက် ရေတိုးပြီး ရေလှိုင်းဝင်ရောက်စီးဆင်းလာတာကြောင့် အမျိုးသမီးတွေ ရေမျောပါသွားခဲ့ပြီး အဲဒီထဲက ၆ ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။
သေဆုံးသူတွေဟာ ချောင်းရိုးကျေးရွာက မနှင်းဆီ၊ မဝင်းမာ၊ မဌေးဌေး၊ မကေသီဦး၊ မညိုဆန်းနဲ့ မမြင့်မြင့်ဝင်းတို့ဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ကျန်ရှိသူ ၄ ဦးရဲ့ အခြေအနေနဲ့ သေဆုံးမှုအသေးစိတ်ကို New Day Myanmar က ဆက်လက်စုံစမ်းအတည်ပြုနေပါတယ်။
လက်ရှိမှာ ကန့်ဘလူမြို့နယ်ရှိ သဖန်းဆိပ်ဆည်ရေဟာ ရေအပြည့်အမှတ်အနီးကို ရောက်ရှိနေပြီး ဆည်ကနေ ရေထုတ်လွှတ်နေတာကြောင့် မူးမြစ်နဲ့ ဆည်အောက်ပိုင်းဒေသတွေမှာ ရေကြီးရေလျှံမှု ဖြစ်ပွားနိုင်ခြေမြင့်မားနေတယ်လို့ ဒေသတွင်းသတိပေးချက်တွေမှာ ဖော်ပြထားပါတယ်။
သဖန်းဆိပ်ဆည်ရေအမှတ်ဟာ ဒီနေ့ ဩဂုတ် ၆ ရက်မှာ ၅၄၃ ဒသမ ၇၅ ပေအထိ ရောက်ရှိနေပြီး ကန်ရေအပြည့်အမှတ်က ၅၄၅ ပေဖြစ်တယ်လို့ သိရပါတယ်။
ဩဂုတ် ၅ ရက်က ဆည်ကနေ တစ်စက္ကန့်လျှင် ရေကုဗပေ ၄၀,၀၀၀ ထုတ်လွှတ်ခဲ့ပြီး ဩဂုတ် ၆ ရက်မှာ နောက်ထပ် ရေကုဗပေ ၂၀,၀၀၀ ထုတ်လွှတ်ထားတယ်လို့ ဒေသတွင်း သတိပေးချက်တွေမှာ ဖော်ပြထားပါတယ်။
ကာဘိုးဆည်ကလည်း ရေထုတ်လွှတ်နေတဲ့အပြင် ဒေသတွင်း မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် မူးမြစ်ဘေးတစ်လျှောက်၊ ဆည်အောက်ပိုင်းကျေးရွာတွေနဲ့ ချောင်းကူးလမ်းတွေမှာ နေထိုင်သွားလာသူတွေအနေနဲ့ ရေကြီးရေလျှံမှုနဲ့ ရုတ်တရက်ရေတိုးလာနိုင်တဲ့ အန္တရာယ်ကို အထူးသတိထားဖို့ ဒေသခံအဖွဲ့တွေက သတိပေးထားပါတယ်။

