၂၅ ဇူလိုင် ၂၀၂၆ | New Day Myanmar
ရန်ကုန်-ဒလမြစ်ကူးတံတား ဖွင့်လှစ်ပြီးနောက် မြေဈေးတွေ ပိုတက်လာမယ်လို့ မျှော်လင့်ပြီး လယ်မြေတွေဝယ်ယူကာ မြေကွက်ဖော်ရောင်းချဖို့ ပြင်ဆင်ခဲ့သူတွေဟာ လက်ရှိမှာတော့ အဝယ်မရှိသလောက် ဈေးကွက်အေးစက်နေတာကြောင့် ဝယ်ထားတဲ့လယ်မြေတွေကို အငှားချစိုက်ပျိုးခိုင်းတာ ဒါမှမဟုတ် ကိုယ်တိုင်ပြန်စိုက်ပျိုးဖို့ စဉ်းစားလာနေကြတယ်လို့ ဒေသခံတွေနဲ့ အိမ်ခြံမြေလုပ်ငန်းအသိုင်းအဝိုင်းထံက သိရပါတယ်။
တံတားစီမံကိန်းကို အခြေခံပြီး ဒလ၊ တွံတေး၊ ကော့မှူးနဲ့ ကွမ်းခြံကုန်းဘက်က လယ်မြေတွေကို မြို့ပြမြေကွက်အဖြစ် ပြောင်းလဲရောင်းချဖို့ အိမ်ခြံမြေအကျိုးဆောင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူအချို့က လွန်ခဲ့တဲ့နှစ်ပိုင်းတွေကတည်းက အများအပြား ဝယ်ယူထားခဲ့ကြပေမယ့် လက်ရှိမှာတော့ မျှော်မှန်းထားသလို ဈေးကွက်မလှုပ်ရှားသေးဘူးလို့ ဆိုပါတယ်။
ဒလမြို့နယ်အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက “အခုက အရောင်းအဝယ် မရှိသလောက်ဖြစ်နေတော့ ဝယ်ထားတဲ့မြေကွက်ကို အကွက်ဖော်ဖို့လည်း ထပ်မလုပ်နိုင်ဘူး။ မြေရိုင်းမဖြစ်သွားအောင် စိုက်ပျိုးရေးတစ်ခုခုလုပ်ဖို့ပဲ ရှိတော့တယ်”လို့ New Day Myanmar ကို ပြောပါတယ်။
လက်ရှိ ဒလမြို့နယ်ထဲက နေရာကောင်းတွေမှာ မြေဈေးခေါ်ထားတာတွေ မြင့်နေဆဲဖြစ်ပေမယ့် အဲဒီဈေးနဲ့ အမှန်တကယ် ဝယ်ယူမယ့်သူကတော့ အလွန်နည်းပါးနေတယ်လို့ အကျိုးဆောင်တွေက ပြောပါတယ်။
အရင်က လယ်မြေတွေကို ဈေးမြင့်ပေးဝယ်ပြီး မြေကွက်ဖော်ရောင်းဖို့ ရည်ရွယ်ထားသူအချို့လည်း အခုချိန်မှာ အရင်းတောင် ပြန်မရသေးဘဲ ငွေမြုပ်နေတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
အိမ်ခြံမြေလုပ်ငန်းကျွမ်းကျင်သူတွေကတော့ လက်ရှိစီးပွားရေးအခြေအနေကြောင့် ရင်းနှီးမြှုပ်နှံမှုအသစ်တွေ နှေးကွေးနေပြီး ဒလဘက်ကို ဝင်ရောက်ရင်းနှီးမြှုပ်နှံမယ့်သူ နည်းလာတာဟာ ဈေးကွက်အေးစက်ရတဲ့ အဓိကအကြောင်းရင်းတစ်ခုဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။
ဒါ့အပြင် လယ်ယာမြေတွေကို သက်ဆိုင်ရာခွင့်ပြုချက်မရှိဘဲ မြေကွက်ဖော်ရောင်းချတာ၊ လူနေအိမ်ဆောက်လုပ်တာတွေ လုပ်မယ်ဆိုရင် လယ်ယာမြေဥပဒေအရ အရေးယူခံရနိုင်တာကြောင့် ရင်းနှီးမြှုပ်နှံသူအချို့ဟာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကိုသာ ယာယီပြန်လုပ်ဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။


