၂၄ ဇူလိုင် ၂၀၂၆ | New Day Myanmar
ဂျာမန်ရေတပ်လေ့ကျင့်ရေးသင်္ဘော Gorch Fock ကို ပြုပြင်ရာမှာ အသုံးပြုခဲ့တဲ့ မြန်မာကျွန်းသစ်တွေ တရားမဝင်တင်သွင်းခဲ့ကြောင်း တရားဝင်ဆုံးဖြတ်ပေးဖို့ တောင်းဆိုထားတဲ့အမှုကို ဂျာမနီနိုင်ငံ ကိုလုန်းအုပ်ချုပ်ရေးတရားရုံးက ပယ်ချလိုက်ပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ တရားမဝင်သစ်ကုန်သွယ်မှုတွေ EU ဈေးကွက်ထဲ ဝင်ရောက်နိုင်မယ့် ဟာကွက်ဖန်တီးပေးပြီး ဥရောပရဲ့ သစ်တောကာကွယ်ရေးဥပဒေတွေကို အားနည်းစေနိုင်တယ်လို့ Environmental Investigation Agency — EIA က သတိပေးပါတယ်။
ဂျာမနီကုမ္ပဏီတခုဟာ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း Gorch Fock သင်္ဘောပြုပြင်ရေးအတွက် မြန်မာနိုင်ငံက ကျွန်းသစ်ရှစ်သုတ် တင်သွင်းခဲ့ပါတယ်။ အဲဒီအချိန်က မြန်မာ့သစ်လုပ်ငန်းမှာ အကျင့်ပျက်ခြစားမှုနဲ့ တရားမဝင်သစ်ထုတ်လုပ်မှုအန္တရာယ် မြင့်မားနေတာကြောင့် တင်သွင်းမှုတွေဟာ EU သစ်ကုန်သွယ်ရေးစည်းမျဉ်း EUTR နဲ့ မကိုက်ညီနိုင်ဘူးလို့ EIA က ဆိုပါတယ်။
သစ်တင်သွင်းတဲ့ကုမ္ပဏီဟာ ကျွန်းသစ်တွေရဲ့ တရားဝင်ရင်းမြစ်ကို သက်သေပြနိုင်မယ့် အထောက်အထားလုံလောက်စွာ မတင်ပြနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ဂျာမနီ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာဆိုင်ရာ ဖက်ဒရယ်ရုံး BLE က ၂၀၁၈ ခုနှစ်မှာ ဒဏ်ငွေမချမှတ်ဘဲ သတိပေးချက်ပဲ ထုတ်ခဲ့ပါတယ်။
ကုမ္ပဏီက စုံစမ်းစစ်ဆေးမှုအတွင်း ပူးပေါင်းဆောင်ရွက်ပြီး စာရွက်စာတမ်းအများအပြား တင်ပြခဲ့တာကြောင့် ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်တာမဟုတ်ဘဲ ပေါ့ဆမှုသာဖြစ်တယ်လို့ BLE က သတ်မှတ်ခဲ့တာပါ။ အဲဒီနောက် ကျွန်းသစ်တွေကို EU ဈေးကွက်ထဲ ဝင်ရောက်ခွင့်ပြုခဲ့ပါတယ်။
ဂျာမနီသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ DNR က WWF Germany ရဲ့ ပံ့ပိုးမှုနဲ့ BLE အနေနဲ့ အဲဒီကျွန်းသစ်တွေကို EU ဈေးကွက်ထဲ တရားမဝင်တင်သွင်းခဲ့ကြောင်း တရားဝင်သတ်မှတ်ပေးဖို့ တရားစွဲဆိုခဲ့ပါတယ်။
ကိုလုန်းအုပ်ချုပ်ရေးတရားရုံးကတော့ ကျွန်းသစ်တွေ တရားဝင်၊ မဝင်ကို ဆုံးဖြတ်ခဲ့တာမဟုတ်ပါဘူး။ BLE ကို အဲဒီလိုတရားဝင်ဆုံးဖြတ်ချက်ချမှတ်ခိုင်းဖို့ EUTR ဒါမှမဟုတ် ဂျာမနီဥပဒေမှာ လုပ်ပိုင်ခွင့်အခြေခံမရှိဘူးဆိုတဲ့အကြောင်းနဲ့ အမှုကို ဇူလိုင် ၁၆ ရက်မှာ ပယ်ချခဲ့တာပါ။
သင်္ဘောပြုပြင်ရာမှာ အသုံးမပြုဘဲ ပိုလျှံကျန်ရှိခဲ့တဲ့ ကျွန်းသစ်တွေ ဘယ်နေရာရောက်ရှိသွားသလဲ ထပ်မံစုံစမ်းပေးဖို့ တောင်းဆိုချက်ကိုလည်း တရားရုံးက ပယ်ချခဲ့ပါတယ်။ တရားလိုဘက်ကတော့ အထက်တရားရုံးမှာ အယူခံဝင်ခွင့် တောင်းခံနိုင်ပါတယ်။
နယ်သာလန်မှာ ယူရို ၂ ဒသမ ၅ သန်းကျော်တန်ဖိုးရှိ မြန်မာကျွန်းသစ်တင်သွင်းမှုတွေအတွက် ပြစ်မှုထင်ရှားစီရင်ပြီး ဒဏ်ငွေချမှတ်ခဲ့သလို ဗြိတိန်မှာလည်း ရွက်လှေထုတ်လုပ်ရေးကုမ္ပဏီ Sunseeker ကို မြန်မာကျွန်းသစ်တင်သွင်းမှုနဲ့ ပတ်သက်ပြီး ပေါင် ၂၄၀,၀၀၀ ဒဏ်ရိုက်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ကျွန်းသစ်ကုန်သွယ်မှုက ရရှိတဲ့ငွေတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ စစ်အုပ်စုဆီ ရောက်ရှိပြီး စစ်ရာဇဝတ်မှုတွေကို ငွေကြေးဖြည့်တင်းပေးနိုင်တယ်လို့ EIA နဲ့ သဘာဝပတ်ဝန်းကျင်အဖွဲ့တွေက သတိပေးထားပါတယ်။


