၇ ဇွန် ၂၀၂၆ | New Day Myanmar
ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေအငှားဈေးကွက်ဟာ ဝါမဝင်ခင်ကာလအတွင်း သိသိသာသာ မြင့်တက်လာပြီး အိမ်ငှားရွှေ့ပြောင်းလိုသူတွေ အခက်အခဲများနဲ့ ရင်ဆိုင်နေရတယ်လို့ အိမ်ငှားနေထိုင်သူတွေနဲ့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။
ဝါတွင်းသုံးလတာကာလအတွင်း အိမ်မပြောင်းရွှေ့လိုကြတဲ့ အယူအဆတွေကြောင့် ဝါမဝင်ခင်မှာ အခန်းပြောင်းရွှေ့မှု အပြီးသတ်လိုသူတွေ များပြားလာသလို နယ်ဒေသတွေကနေ ရန်ကုန်ကို ပြောင်းရွှေ့လာသူတွေလည်း တိုးလာတာကြောင့် အငှားဈေးကွက်နဲ့ အရောင်းဈေးကွက်တွေပါ မြင့်တက်လာနေတာ ဖြစ်ပါတယ်။
လက်ရှိမှာ အခန်းရှားပါးမှုနဲ့အတူ ဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာပြီး စပေါ်ငွေ ၆ လစာအထိ တစ်ကြိမ်တည်း တောင်းခံတာတွေ ရှိနေသလို အိမ်ပိုင်ရှင်တွေဘက်က လူဦးရေကန့်သတ်တာ၊ စုပေါင်းငှားရမ်းမှုတွေကို ငြင်းဆန်တာမျိုးတွေလည်း ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
ကမာရွတ်၊ စမ်းချောင်း၊ လှိုင်၊ တောင်ဥက္ကလာပ၊ မြောက်ဒဂုံနဲ့ သာကေတလို လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တဲ့ မြို့နယ်တွေမှာ ရိုးရိုးတိုက်ခန်းအငှားဈေးနှုန်းဟာ ယခင် ကျပ် ၄ သိန်းဝန်းကျင်ကနေ လက်ရှိ ကျပ် ၄ သိန်းခွဲကနေ ၆ သိန်းကြားအထိ ရှိလာတယ်လို့ အကျိုးဆောင်တွေက ဆိုပါတယ်။
“အခုက တိုက်ခန်းစပေါ်အပြင် မီးစပေါ်၊ ရေစပေါ်တွေပါ တောင်းလာကြတယ်။ ခြောက်လချုပ်ရတဲ့အပြင် စပေါ်ကြေးတွေ ထပ်တိုးလာတော့ အိမ်ငှားတွေအတွက် အခက်အခဲဖြစ်တယ်။ အရင်က ဒီလိုမရှိဘူး။ နယ်ကနေ စစ်ရှောင်တွေ ရန်ကုန်ရောက်လာတော့ ဈေးကွက်အခြေအနေ မသိကြဘူး။ အဲဒီအပေါ်မှာ မူတည်ပြီး စပေါ်ငွေတွေ ပိုတောင်းလာတာတွေ ရှိတယ်” လို့ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက New Day Myanmar ကို ပြောပါတယ်။
ဒါ့အပြင် ရန်ကင်းနဲ့ ဗဟန်းမြို့နယ်တွေက ကွန်ဒိုနဲ့ အသင့်နေအခန်းတွေမှာတော့ တစ်လလျှင် ကျပ် ၁၅ သိန်းကနေ ကျပ် ၂၀ သိန်းဝန်းကျင်အထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။
လက်ရှိ လုံခြုံရေးနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် လူငယ်အမျိုးသားတွေ စုပေါင်းအခန်းငှားရမ်းနေထိုင်တဲ့အခါ အိမ်ပိုင်ရှင်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက ပိုမိုစိစစ်လာတာကြောင့် အများစုဟာ အဆောင်တွေမှာ ပြောင်းရွှေ့နေထိုင်လာကြပြီး အဆောင်ငှားရမ်းခဈေးနှုန်းတွေပါ မြင့်တက်လာနေတယ်လို့ သိရပါတယ်။


