Homeပြည်တွင်းသတင်းတရုတ်စီမံကိန်းများနှင့် တရုတ်နိုင်ငံသားများ၏ လုံခြုံရေးကို ကာကွယ်ပေးမည်ဟု စစ်အုပ်စု ကတိပြု

တရုတ်စီမံကိန်းများနှင့် တရုတ်နိုင်ငံသားများ၏ လုံခြုံရေးကို ကာကွယ်ပေးမည်ဟု စစ်အုပ်စု ကတိပြု

၆ ဇွန် ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားတွေ၊ တရုတ်အဖွဲ့အစည်းတွေနဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေရဲ့ လုံခြုံရေးကို အစွမ်းကုန် ကာကွယ်စောင့်ရှောက်သွားမယ်လို့ စစ်အုပ်စုရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ ပေကျင်းမြို့မှာ ဇွန်လ ၅ ရက်နေ့က တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။

အဲဒီတွေ့ဆုံမှုအတွင်း ဝမ်ယိက မြန်မာနိုင်ငံအတွင်းရှိ တရုတ်ဝန်ထမ်းတွေ၊ တရုတ်စီမံကိန်းတွေနဲ့ တရုတ်အကျိုးစီးပွားတွေကို လုံခြုံမှုရှိစေရေးအတွက် တိကျသေချာစွာ ဆောင်ရွက်ပေးဖို့ တိုက်တွန်းပြောဆိုခဲ့ပြီးနောက် စစ်အုပ်စုဘက်က အခုလို အာမခံပြောကြားခဲ့တာဖြစ်ပါတယ်။

နှစ်ဖက်ဟာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းတွေ၊ Belt and Road Initiative (BRI) လုပ်ငန်းတွေကို ဆက်လက်အကောင်အထည်ဖော်ရေးနဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ၊ အွန်လိုင်းငွေလိမ်လည်မှု ရာဇဝတ်မှုတွေကို ပူးပေါင်းနှိမ်နင်းရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဦးတင်မောင်ဆွေက စစ်အုပ်စုအနေနဲ့ တရုတ်နိုင်ငံရဲ့ One China Policy ကို ပြတ်ပြတ်သားသား ထောက်ခံကြောင်းနဲ့ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စတွေမှာ ပြင်ပအင်အားစုတွေ ဝင်ရောက်စွက်ဖက်တာကို ဆန့်ကျင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ စစ်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး အကျပ်အတည်းတွေကို ရင်ဆိုင်နေရတဲ့ စစ်အုပ်စုဟာ တရုတ်နိုင်ငံရဲ့ ထောက်ခံမှုကို ဆက်လက်ရရှိနိုင်ဖို့ ကြိုးပမ်းနေပြီး မြန်မာနိုင်ငံရဲ့ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တရုတ်နိုင်ငံဘက်က အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ပေးဖို့ မျှော်လင့်ကြောင်းလည်း တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး