Homeပြည်တွင်းသတင်းကလေးအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများ တန်းတူညီမျှခွင့်ရရှိရေး အစာငတ်ခံဆန္ဒပြ

ကလေးအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများ တန်းတူညီမျှခွင့်ရရှိရေး အစာငတ်ခံဆန္ဒပြ

၁၅ မေ ၂၀၂၆ | New Day Myanmar

စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ကလေးအကျဉ်းထောင် (မော်လိုက်-ကလေးအကျဉ်းထောင်) မှာ နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့်က “ပြည်သူ့ထမင်းစစ်စစ် စားချင်တယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ တန်းတူညီမျှခွင့်ရရှိရေးအတွက် မေလ ၂ ရက်နေ့က အစာငတ်ခံဆန္ဒပြမှု ပြုလုပ်ခဲ့ကြောင်း Political Prisoners Network-Myanmar (PPNM) က ထုတ်ပြန်ပါတယ်။

အဆိုပါ နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်က ကျွေးတဲ့ ထမင်းကို မစားဘဲ တစ်နေ့တာလုံး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပြီး စစ်အုပ်စုရဲ့ လွတ်ငြိမ်းသက်သာခွင့်ပေးမှုတွေဟာ တရားမျှတမှုနဲ့ တန်းတူညီမျှမှု မရှိဘဲ နိုင်ငံရေးအကျဉ်းသားတွေကို ရည်ရွယ်ချက်ရှိရှိ ခွဲခြားဆက်ဆံနေတယ်လို့ ထောက်ပြထားပါတယ်။

ဆန္ဒပြ နိုင်ငံရေးအကျဉ်းသားတွေက (၁) နိုင်ငံရေးအကျဉ်းသားများ တန်းတူညီမျှခွင့်ရရှိရေး၊ (၂) နိုင်ငံရေးအကျဉ်းသား/သူများ၏ အခွင့်အရေး အပြည့်အဝရရှိရေးနဲ့ (၃) တရားဥပဒေစိုးမိုးရေးတို့ကို အဓိက တောင်းဆိုခဲ့ကြပါတယ်။

PPNM ရဲ့ ထုတ်ပြန်ချက်အရ လွတ်ငြိမ်းသက်သာခွင့်တွေကို ကျန်ရှိတဲ့ ပြစ်ဒဏ်ကာလအပေါ် မူတည်ပြီး လျှော့ပေးနေတာကြောင့် ပြစ်ဒဏ်ကြာမြင့်စွာ ကျခံထားရသူတွေမှာ လျှော့ရက်နည်းပါးပြီး မကြာသေးခင်က ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ရာဇဝတ်မှုတွေကသာ လျှော့ရက်ပိုမိုရရှိနေတယ်လို့ ဆိုပါတယ်။

ဒါဟာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ခွဲခြားဆက်ဆံခြင်းဖြစ်ပြီး လုံးဝမျှတမှုမရှိကြောင်း နိုင်ငံရေးအကျဉ်းသားတွေက ဝေဖန်ထားပါတယ်။

ထို့ပြင် အကျဉ်းထောင်အာဏာပိုင်တွေရဲ့ အဂတိလိုက်စားမှုတွေ ကျယ်ပြန့်နေသလို အမျိုးသမီးဆောင်အတွင်း ပါဆယ်ပစ္စည်းပိတ်ပင်ခြင်း၊ ဟင်းချက်ခွင့်ပိတ်ပင်ခြင်း အပါအဝင် နည်းမျိုးစုံနဲ့ နိုင်ငံရေးအကျဉ်းသူတွေကို ဖိနှိပ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကလေးအကျဉ်းထောင်မှာ ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်နဲ့ ဧပြီ ၁၈ ရက်နေ့တွေမှာလည်း အမျိုးသမီးနိုင်ငံရေးအကျဉ်းသူတွေက အခွင့်အရေးပိတ်ပင်မှုတွေအပေါ် ဆန္ဒထုတ်ဖော်ခဲ့ဖူးကြောင်း သိရပါတယ်။

PPNM က စစ်အုပ်စုအနေနဲ့ တရားဥပဒေစိုးမိုးရေးကို ကြွေးကြော်နေပေမယ့် လက်တွေ့မှာ လူသားတိုင်း ရရှိသင့်တဲ့ တန်းတူညီမျှခွင့်နဲ့ အခြေခံလူ့အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်လို့ ဝေဖန်ထားပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေအပေါ် ခွဲခြားဆက်ဆံတဲ့ မတရားသော လွတ်ငြိမ်းသက်သာခွင့်တွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ထားပြီး ဆန္ဒပြအကျဉ်းသားတွေအပေါ် နောက်ဆက်တွဲ ဖိနှိပ်မှုတွေ မရှိစေရေးကို နိုင်ငံတကာ အကျဉ်းထောင်စောင့်ကြည့်ရေးအဖွဲ့အစည်းတွေက အမြန်ဆုံး စောင့်ကြည့်ဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး