၂၉ ဧပြီ ၂၀၂၆ | New Day Myanmar
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ မိန်းမလှကျွန်း အတွင်းရှိ အမဲချောင်းမှာ ဂဏန်းပိုက်ချနေတဲ့ အသက် (၁၈) နှစ်အရွယ် လူငယ်တစ်ဦးကို မိကျောင်းတစ်ကောင်က ကိုက်ချီသွားတာကြောင့် သေဆုံးခဲ့တယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဖြစ်စဉ်ဟာ ဧပြီ ၂၇ ရက် ည ၇ နာရီခန့်မှာ ဖြစ်ပွားခဲ့ပြီး လူငယ်ဟာ ချောင်းအတွင်း ဂဏန်းပိုက်ချနေစဉ် အလျား ၁၅ ပေ၊ အကျယ် ၃ ပေခန့်ရှိတဲ့ မိကျောင်းက ရေထဲကနေ လှမ်းဆွဲခဲ့တာကြောင့် လှေမှောက်သွားခဲ့တယ်လို့ ဆိုပါတယ်။
ရေထဲကျသွားချိန်မှာ မိကျောင်းက ကိုက်ချီသွားခဲ့ပြီး တစ်နာရီခန့်အကြာမှာ ခန္ဓာကိုယ်အနှံ့ ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ လူငယ်ရဲ့ ရုပ်အလောင်းကို ဒေသခံတွေ ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီဖြစ်စဉ်အပြီး ဧပြီ ၂၉ ရက် နံနက်ပိုင်းမှာ ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သေဆုံးသူရဲ့ မိသားစုကို ကျပ်ငွေ ၃ သိန်း ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက “ဘိုကလေးက မိကျောင်းအန္တရာယ်ရှိတဲ့ ဒေသပါ။ ဖားရှာ၊ ငါးရှာလုပ်ရင် အမြဲသတိထားရတယ်။ ဒီလိုဖြစ်တာ မကြာသေးပေမယ့် အခုနှစ်မှာ ပြန်ဖြစ်လာတာပါ” လို့ New Day Myanmar ကို ပြောပါတယ်။
၂၀၂၂ ခုနှစ် မှတ်တမ်းအရ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်းရှိ မြစ်ချောင်းတွေမှာ မိကျောင်းအကောင်ရေ ၁၁၅ ကောင်အထိ ရှိနေပြီး၊ အဲ့ဒီဒေသဟာ ရေချိုနဲ့ ရေငန်စပ် မိကျောင်းတွေ အဓိက ကျက်စားရာနေရာတစ်ခုဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – AGD Bogale


