၂၄ ဧပြီ ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)က တေးသီချင်းမူပိုင်ခွင့်နဲ့ပတ်သက်ပြီး တင်းကျပ်တဲ့ ကန့်သတ်ချက်အသစ်တွေကို ဧပြီ ၂၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်အတွင်း တေးဂီတဖန်တီးသူတွေအတွက် အဓိက တားမြစ်ချက် ၄ ချက် ပါဝင်နေပြီး အဲဒီစည်းကမ်းတွေကြောင့် အနုပညာလောကအတွင်း ဝေဖန်မှုတွေ တိုးလာနိုင်တယ်လို့ လူငယ်အဆိုရှင်တစ်ဦးက New Day Myanmar ကို ပြောပါတယ်။
“ကျွန်တော်တို့ဆို ကာဗာသီချင်းတွေဆိုပြီး ကိုယ့်တီးခတ်နိုင်စွမ်းကို ပြသကြတာပါ။ မူရင်းသီချင်းကို မဖျက်ဘဲ ကိုယ့်စတိုင်နဲ့ ပြန်ဆိုတာပဲ။ ပရိတ်သတ်လည်း လက်ခံတယ်။ အခုလို မူပိုင်ခွင့်တင်မှ ဆိုခွင့်ရမယ်ဆိုတာကတော့ အခက်အခဲဖြစ်လာနိုင်တယ်” လို့ သူက ပြောပါတယ်။
တားမြစ်ချက်တွေအနက် AI နည်းပညာအသုံးပြုပြီး သီချင်းအသံကို ပြောင်းလဲခြင်း (Gender Swap) ကို မူပိုင်ရှင်ခွင့်ပြုချက်မရှိဘဲ “လုံးဝ မပြုလုပ်ရ” လို့ တင်းတင်းကျပ်ကျပ် တားမြစ်ထားပါတယ်။ ဒီအချက်ဟာ နည်းပညာခေတ်မှာ ဖန်တီးမှုအသစ်တွေကို ကန့်သတ်သလို ဖြစ်လာနိုင်တယ်လို့လည်း ဝေဖန်မှုတွေရှိနေပါတယ်။
ဒါ့အပြင် ဇာတ်သဘင်၊ ပြဇာတ်နဲ့ DJ Remix တွေမှာ အသုံးပြုမယ့် သီချင်းတိုင်းအတွက် မူပိုင်ရှင်ထံက ခွင့်ပြုချက်ယူရမယ်လို့ သတ်မှတ်ထားပြီး လိုက်နာခြင်းမရှိပါက ဥပဒေအရ အရေးယူမယ်လို့ အသိပေးထားပါတယ်။
ထို့ပြင် မြို့နယ်နဲ့ ခရိုင်အဆင့် ဂီတအစည်းအရုံးတွေက အနယ်နယ်အရပ်ရပ်ရှိ ဇာတ်သဘင်တွေမှာ သီချင်းအသုံးပြုမှုကို လိုက်လံစိစစ်သွားမယ်လို့ပါ ထုတ်ပြန်ထားတာကြောင့် အနုပညာရှင်တွေအပေါ် စောင့်ကြည့်ထိန်းချုပ်မှု ပိုမိုတင်းကျပ်လာနိုင်တယ်လို့ မြင်တွေ့ရပါတယ်။
မူပိုင်ခွင့်ကာကွယ်ရေးဟာ အရေးကြီးပေမယ့် အခုလို တင်းကျပ်လွန်းတဲ့ စည်းကမ်းတွေနဲ့ ဥပဒေအရ ခြိမ်းခြောက်မှုတွေဟာ ဂီတလောကရဲ့ လွတ်လပ်တဲ့ ဖန်တီးမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်တယ်လို့ သုံးသပ်သံတွေ ထွက်ပေါ်နေပါတယ်။


