၂၄ ဧပြီ ၂၀၂၆ | New Day Myanmar
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းမှာ ၄ နှစ်ကျော်ကြာ ခိုလှုံနေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ CTER-Karenni က ဒီနေ့ ဧပြီ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
အဲဒီလေပြင်းတိုက်ခတ်မှုက ဧပြီ ၂၁ ရက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး နေအိမ်တွေမက အရေးကြီးတဲ့ ဆန်ရိက္ခာတွေ၊ စိုက်ပျိုးရေးမျိုးစေ့တွေပါ မိုးရေထဲမျောပါ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
စစ်ဘေးဒဏ်ကြောင့် နှစ်ရှည်လများ ဒုက္ခရောက်နေတဲ့ စစ်ရှောင်တွေမှာ အခြေခံအကျဆုံးဖြစ်တဲ့ အမိုးအကာနဲ့ ရိက္ခာလိုအပ်ချက်တွေဟာ အခုအချိန်ထိ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်နေဆဲဖြစ်ပါတယ်။
လာမယ့် မိုးရာသီအတွက်လည်း စစ်ရှောင်တွေမှာ အမိုးအကာ မလုံလောက်သေးတာကြောင့် နောက်ထပ် အခက်အခဲတွေ ကြုံတွေ့နိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အခုလ တတိယပတ်မှာလည်း ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်က ချောင်းဝရွာ၊ မြို့ကိုင်ရွာနဲ့ ကွပ်သစ်ရွာတွေမှာ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၃၀၀ နီးပါး ပျက်စီးခဲ့ရပါတယ်။
တစ်ဖက်မှာလည်း ဧပြီ ၂၂ ရက်က စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မီးမောင်းကုန်းကျေးရွာမှာ အသက် ၈၀ ကျော် အဖွားအိုတစ်ဦး လေပြင်းတိုက်ချိန် ထွက်ပြေးရာ သစ်ပင်ပိပြီး သေဆုံးခဲ့တဲ့ ဖြစ်ရပ်လည်း ဖြစ်ပွားခဲ့ပါတယ်။
စစ်ဘေးဒဏ်နဲ့ သဘာဝဘေးတွေ တပြိုင်နက် ကြုံတွေ့နေရတဲ့ ဒေသတွေမှာ လူသားချင်းစာနာမှု အကူအညီလိုအပ်ချက်တွေ ပိုမိုတိုးလာနေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။


