၂၉ မတ် ၂၀၂၆ | New Day Myanmar
တောင်ကိုရီးယားနိုင်ငံမှာ လုပ်ငန်းခွင်မတော်တဆမှုကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ မြန်မာအလုပ်သမား ကိုစန်းယု အသက် ၃၃ နှစ်ဟာ ၂၀၂၆ ခုနှစ် မတ်လ ၂၉ ရက် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်မှာ ဆုဝါန်မြို့ရှိ အာဂျုတက္ကသိုလ် ဆေးရုံမှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
သူဟာ မတ်လ ၂၄ ရက်မှာ ဟွာဆောင်မြို့ မာဒိုမြောင်ရှိ စက်ရုံတစ်ခုမှာ အလုပ်လုပ်နေချိန် စက်ညှပ်မိပြီး ဦးခေါင်းပြင်းထန်ဒဏ်ရာရရှိခဲ့တာကြောင့် ဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့ရတာဖြစ်ပါတယ်။
အဲ့ဒီအချိန်မှာ အသက်မရှူတော့တာကြောင့် ဆရာဝန်တွေက သေဆုံးပြီးဖြစ်တယ်လို့ ယူဆခဲ့ကြပေမယ့် ရေခဲတိုက်ကို ပို့ဆောင်မယ့်အချိန်မှာ အသက်ပြန်ရှူလာတာကြောင့် ICU မှာ အရေးပေါ်ကုသမှု ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။
ဒါပေမယ့် ဦးနှောက်နဲ့ အသက်ရှူလမ်းကြောင်းကို ဆက်သွယ်ထားတဲ့ အာရုံကြောမကြီး ပြတ်တောက်သွားတာကြောင့် နောက်ဆုံးမှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။
ကိုစန်းယုဟာ ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် ရေလဲကုန်းကျေးရွာက ဖြစ်ပြီး ဇနီးနဲ့ ကလေး နှစ်ဦး ကျန်ရစ်ခဲ့ပါတယ်။ ကိုစန်းယုရဲ့ နာရေးအစီအစဉ်ကိုတော့ မိသားစုဝင်တွေနဲ့ တိုင်ပင်ပြီး ပြန်လည်ကြေညာသွားမယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကိုရီးယားဘက် စက်ရုံက ဥပဒေအရ လျော်ကြေးနဲ့ အာမခံကြေးတွေ ပေးအပ်သွားမယ်လို့ သိရပြီး ဆေးကုသမှုစရိတ်တွေကိုလည်း တာဝန်ယူဆောင်ရွက်ပေးထားပါတယ်။


