၆ ဖေဖော်ဝါရီ ၂၀၂၆
မကွေးတိုင်း၊ ယောဒေသ ဆောမြို့နယ်မှာ CDM ကျန်းမာရေးဝန်ထမ်းတစ်ဦးကို ဆောမြို့နယ် ပကဖ အဖွဲ့ဝင်များက ညအချိန်မတော် ဆေးခန်းအတွင်း ဝင်ရောက်ဖမ်းဆီးကာ လက်ထိပ်ခတ်ပြီး ရိုက်နှက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဖြစ်စဉ်ဟာ ဇန်နဝါရီ ၃၀ ရက် ည ၁၁ နာရီကျော်အချိန်မှာ ဖြစ်ပွားခဲ့ပြီး၊ ဆောမြို့နယ် ပကဖ တာဝန်ရှိသူများဟုဆိုတဲ့ ဦးထန်းမောင်းနဲ့ ဦးရဲကို ဦးဆောင်တဲ့ အဖွဲ့ဝင် ၉ ဦးခန့်က ဆောမြို့နယ် တောင်ပို့ကြီးကျေးရွာမှာရှိတဲ့ CDM ကျန်းမာရေးဝန်ထမ်းကြီးကြပ် (၂) ကိုမင်းကိုအောင်ရဲ့ ဆေးခန်းကို ရုတ်တရက် ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။
အဲ့ဒီအဖွဲ့ဟာ ကိုမင်းကိုအောင်ကို လက်ထိပ်ခတ်ပြီး လည်ပင်းမှာ ဓားနဲ့ ခြိမ်းခြောက်ကာ အကြောင်းမဲ့ ရိုက်နှက်ခဲ့တယ်လို့ သိရပြီး၊ မိသားစုဝင်တွေကိုလည်း ငြိမ်နေဖို့ အော်ဟစ်ကြိမ်းမောင်းကာ လက်နက်တွေကို ချိန်ရွယ်ထားခဲ့တယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်ကြောင့် ကိုမင်းကိုအောင်ရဲ့ မျက်နှာမှာ ဖူးရောင်ဒဏ်ရာများရရှိခဲ့ပြီး လည်ပင်းပိုင်းမှာလည်း ပြတ်ရှဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကိုမင်းကိုအောင်က ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ဆောမြို့နယ် ပအဖနဲ့ ပလဖ အဖွဲ့များထံ အရေးယူဆောင်ရွက်ပေးဖို့ တိုင်ကြားစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ သို့သော် တိုင်ကြားပြီး ၂ ရက်ကျော်၊ ဖြစ်စဉ်ဖြစ်ပွားပြီး ၈ ရက်မြောက်နေ့အထိ ကျူးလွန်သူတွေကို တစုံတရာ အရေးယူဆောင်ရွက်ခြင်း မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဆောမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးဟိန်းမင်းကျော်က ဒီကိစ္စကို မီဒီယာတွေမှာ ဖော်ပြပါက “ကိစ္စပိုကြီးသွားမယ်”လို့ ကာယကံရှင်မိသားစုကို ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။
ဖမ်းဆီးရိုက်နှက်ခံရတဲ့ CDM ကျန်းမာရေးဝန်ထမ်း ကိုမင်းကိုအောင်ရဲ့ မိသားစုဟာ နွေဦးတော်လှန်ရေးအစပိုင်းကတည်းက မိသားစုလုံးဝ ပါဝင်ခဲ့ကြသူတွေဖြစ်ပြီး လက်ရှိမှာ စီးပွားရေးမရှိဘဲ အရင်စုဆောင်းထားတဲ့ ပစ္စည်းတွေကို ရောင်းချစားသောက်နေရတဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။
ပုံစာ – မြို့နယ်ပကဖ များရိုက်နှက်ထားတဲ့ ကိုမင်းကိုအောင်
ဓါတ်ပုံ – ယောအလင်းတန်း


