အမေရိကန်နိုင်ငံ ၊ နယူးယောက်မြို့က မက်ဟမ်တမ်တရားရုံးမှာ တရားရင်ဆိုင်နေရတဲ့ ဗင်နီဇွဲလားသမ္မတ မာဒူရို က ပထမဆုံးစွဲချက်တွေအားလုံးကို ငြင်းဆိုခဲ့ပါတယ်။
သူဟာ နာရီဝက်သာ ကြာမြင့်တဲ့ တရားခွင်မှာ သူအနေနဲ့ အပြစ်ကင်းကြောင်းနဲ့ ဘာအမှားမှ ကျူးလွန်မထားတဲ့ လူကောင်းတစ်ဦးဖြစ်ပြီး ဗင်နီဇွဲလားနိုင်ငံရဲ့ တရားဝင် သမ္မတဖြစ်တယ်လို့ စကားပြန်ကနေတဆင့် ပြောကြားခဲ့ပါတယ်။
ဇနီးဖြစ်သူ ဖလောရက်စ်ကလည်း သူ့မှာ အပြစ်ကင်းကြောင်း လျှောက်လဲခဲ့ပါတယ်။
ပထမဆုံး ရုံးထုတ် ကြားနာမှု အပြီးမှာတော့ ခရိုင်တရားသူကြီး အယ်လ်ဗင် ဟယ်လာစတိန်က နောက်ထပ် ရုံးချိန်းကို မတ်လ ၁၇ ရက်နေ့ကို ချိန်းဆိုလိုက်ပါတယ်။
ဗင်နီဇွဲလားသမ္မတ မာဒူရို ကို ဇန်နဝါရီ ၃ ရက်နေ့တုန်းက အမေရိကန် စစ်တပ်ရဲ့ အထူးစစ်ဆင်ရေးတစ်ခုအတွင်း ကရာဆက်စ်မြို့က သမ္မတ အိမ်တော်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ၊ ဇန်နဝါရီ ၅ ရက်နေ့မှာတော့ နယူးယောက်မြို့က မက်ဟမ်တမ် တရားရုံးမှာ စတင် တရားရင်ဆိုင်နေတာဖြစ်ပါတယ်။
တရားရုံးရှေ့မှာတော့ မာဒူရိုကို ဆန့်ကျင်သူတွေရော၊ ထောက်ခံသူတွေကပါ စုဝေးပြီး ဆန္ဒပြနေခဲ့ကြတယ်လို့ သိရပါတယ်။
နယူးယောက်မြို့က ကြားနာမှုအပြီး နာရီပိုင်း အကြာမှာတော့ ဗင်နီဇွဲလားရဲ့ မြို့ တော် ကရာဆက်စ်မှာ မာဒူရိုရဲ့ ဒုတိယ သမ္မတဖြစ်ခဲ့သူ ဒယ်လ်ဆီ ရိုဒရီဂွတ်ဇ်က ဗင်နီဇွဲလား ယာယီ သမ္မတ ရာထူးကို တရားဝင် လက်ခံယူခဲ့ပါတယ်။
ယာယီ သမ္မတ ရာထူးကို လက်ခံချိန်မှာ ရိုဒရီဂွတ်ဇ်ဟာ မာဒူရိုကို ဖေးမထောက်ခံကြောင်း ပြောသွားပေမယ့် အမေရိကန်ကို လက်တုံ့ပြန်မယ် ဆိုတာမျိုးတော့ လုံးဝ ထည့်ပြောမသွားခဲ့ဘူးလို့လည်း သိရပါတယ်။
ကိုးကား: Reuters
ဓာတ်ပုံ – Getty Images, Reuters


