Homeဆောင်းပါးရုပ်သေး

ရုပ်သေး

ဒီစာကိုဖတ်နေသူဟာ မနက်မျက်လုံးပွင့်တာနဲ့ ဖုန်းတန်းကြည့်တတ်တဲ့သူလား ဒါမှမဟုတ် အိမ်သာတက်ရင်း ဖုန်းသုံးလေ့ ရှိတဲ့သူလား။ အနည်းဆုံး ၂ ချက်ထဲက ၁ ချက်နဲ့ ကိုက်ညီရင်တော့ ဆောင်းပါးကို ဆက်ဖတ်ပေးဖို့ အကြံပြုပါရစေ။

ဖုန်းသုံးတဲ့အချိန်နဲ့ပတ်သက်လို့ စစ်တမ်းတွေတော့ အမျိုးမျိုးရှိပါတယ်။ ပျမ်းမျှအနေနဲ့ လူတစ်ယောက်ဟာ အနိမ့်ဆုံး တစ်ရက်ကို ၂ နာရီကျော်သုံးတယ်ဆိုတဲ့ စစ်တမ်းတွေကနေ တစ်နေကုန်နီးပါး သုံးတတ်တယ်ဆိုတဲ့ စစ်တမ်းမျိုးတွေအထိ ရှိပါတယ်။

ကိုယ့်ကိုကိုယ် တစ်ရက်ဖုန်းသုံးချိန် ဘယ်လောက်ရှိလဲဆိုတာ လျှော့လျှော့ပေါ့ပေါ့ မှန်းကြည့်ပါ။ မညာတန်းမှန်းကြည့်ခိုင်းရင် ပြန်လန့်သွားမှာ စိုးလို့ဖြစ်ပါတယ်။

ဖုန်းသုံးချိန်ဘယ်လောက်ရှိလဲဆိုတဲ့ အဖြေတစ်ခု ရလောက်မယ်ထင်ပါတယ်။ ဗေဒင်ဟောကြည့်ပါမယ်။ လူအများစုရဲ့ ဖုန်းသုံးချိန်တစ်ခုလုံးနီးပါးဟာ Social Media လို့ခေါ်တဲ့ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာဆိုတဲ့ အဖြေရလာပါတယ်။

နောက်တာပါ၊ တကယ်တော့ ဗေဒင်ဟောတာမဟုတ်ပါဘူး။ ဒါက ကိုယ့်ပတ်ဝန်းကျင်မှာသာမက ကမ္ဘာပေါ်က အင်တာနက်ရတဲ့ ဘယ်နေရာမှာမဆို ဖြစ်နေကျ သာမန်ကိစ္စလို ဖြစ်နေလို့ပါ။

ဘာလို့ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့အချိန်တွေကို ဖုန်းကတစ်ဆင့်လှိုက်စားနေတဲ့ Facebook, Youtue, X (Twitter) အပါအဝင် လူမှုကွန်ယက်ဆော့ဖ်ဝဲတွေထဲမှာပဲ တရက်တရက် အချိန်ကုန်နေရတာပါလဲ။

စကားလုံးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ စိတ်ပညာဆိုင်ရာ အခေါ်အဝေါ်အနေနဲ့တော့ Positive Intermittent Reinforcement (PIR) လို့ ခေါ်ပါတယ်။ နည်းနည်းရှင်းပြရခက်ပေမဲ့ ဒါဟာ လောင်းကစားလုပ်တာမျိုး၊ ကံစမ်းတာမျိုးနဲ့ ဆင်ပါတယ်။

စာဖတ်သူအနေနဲ့ ရှမ်းကိုးမီးဆော့နေရင် ပထမဆုံးရတဲ့ဖဲ ၂ ချပ်ထဲမှာ တစ်ချပ်ကို အရင်ကြည့်လိုက်လို့ ၁၀ ဖြစ်နေရင်တောင် နောက်တစ်ချပ်ကတော့ ၉ ဖြစ်နေမှာပဲ ဆိုတဲ့ မျှော်လင့်ချက်မျိုးလိုပေါ့။ ဒါပေမဲ့ နောက်တစ်ချပ်က ၉ မဖြစ်တဲ့အပြင် ၁ ဖြစ်နေတာ ဒါမှမဟုတ် ၁၀ လည်း ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ တခါတလေမှာတော့ ဖဲ ၂ ချပ်မှာ တစ်ချပ်က ၁ ဖြစ်ပြီး နောက်တစ်ချပ်က ၈ ဖြစ်နေတာမျိုးဆိုရင်တော့ “ဒို” တာပေါ့။ ဒါပေမဲ့ အမြဲတန်းတော့ မ “ဒို” နိုင်ပါဘူး။ ဒီလိုစွဲလန်းပြီး ဆက်ဆော့နေတာမျိုး၊ ဒီလိုမျိုးသဘောက PIR ပါ။

ဒီ PIR ဆိုတဲ့ သဘောကို လူမှုကွန်ယက်ဆော့ဖ်ဝဲတွေက အသုံးပြုကြပါတယ်။ ပုံမှန်အရသာလေးရှိတာ ၃ ခုလောက်ကျွေးပြီးရင် ချိုတဲ့ဟာ ၁ ခုလောက်ကျွေးတဲ့ ပုံစံမျိုးနဲ့ လူမှုကွန်ယက်တွေဟာ ကျွန်တော်တို့ ထိန်းချုပ်နေကြတာပါ။

ဒါပေမဲ့ ကိုယ်ကြိုက်လို့ ကိုယ်သုံးနေတာ ဘာဖြစ်လဲဆိုရင်တော့ မြင်သာတဲ့ တစ်ချက်ထဲပဲ အရင်ပြောပါရစေ။ ကျွန်တော်တို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ဖုန်းမျက်နှာပြင်ပေါ်မှာပဲဆုံးရှုံးနေပြီး ကျန်းမာရေး ထိခိုက်တာပါပဲ။ ဒါက မြင်သာတဲ့ တစ်ချက်ကိုပဲပြောတာပါ။ ဒါဆို နက်နက်လေး ဆက်တူးကြည့်ရင်း ကြောက်စရာကောင်းတဲ့ စစ်တမ်းတစ်ခုကို ကြည့်လိုက်ရအောင်ပါ။

အမေရိကန်က Center for Disease Control and Prevention ရဲ့အချက်အလက်တွေဖြစ်ပါတယ်။ အမေရိကန်က အမျိုးသမီးငယ်တွေကြား သတ်သေမှုဟာ ၂၀၁၀ လောက်ထိ ပုံမှန်ရှိခဲ့တာကနေ ၂၀၁၁ ကစလို့ တရှိန်ထိုးမြင့်တက်သွားပါတယ်။

အသက် ၁၅ ကနေ အသက် ၁၉ အရွယ်သေဆုံးမှုဟာ ၂၀၁၈ မှာ ၇၀ ရာခိုင်နှုန်းထိ ထိုးတက်ခဲ့ပြီး Generation Z လို့ ခေါ်တဲ့ ၁၉၉၉ ခုနှစ်နောက်ပိုင်းမွေးတဲ့ အသက် ၁၀ နှစ်ကနေ ၁၄ နှစ်ကြား သက်သေမှုတွေကတော့ ၁၅၁ ရာခိုင်နှုန်းထိထိုးတက်သွားတာပါ။ ဘာကြောင့်ပါလဲ။ ဟုတ်ပါတယ် တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်နေတာကတော့ လူမှုကွန်ယက်တွေကြောင့်ပါ။

ဒါဆိုရင်တော့ လူမှုကွန်ယက်အလွန်အကျွံအသုံးပြုတာဟာ ဘယ်အခြေအနေထိ ရောက်နိုင်သလဲဆိုတာ မြင်သာလောက်ပြီ ထင်ပါတယ်။ ကိုယ်ပိုင် အချိန်တွေကုန်တာကစလို့ မြန်မာနိုင်ငံက လူမျိုးရေး ပဋိပက္ခတွေအလယ် ကိုယ့်ကိုကိုယ် သတ်သေတာတွေအဆုံးဟာ လူမှုကွန်ယက်တွေ ကြောင့်ပါ။

အကြံပြုရရင်တော့ လူမှုကွန်ယက်တွေကို တစ်ရက်ရဲ့ ဆယ်ပုံတစ်ပုံအချိန်လောက်ပဲ သုံးစေချင်ပါတယ်။ ဒါကလည်း ဒီခေတ်မှာ လူမှုကွန်ယက်ဆိုတာမျိုးက လူအများစုရဲ့ ဘဝကို ထိန်းချုပ်ထားပြီး အလုပ်အများစုက အဲဒီပေါ်မှာ မှီခိုနေရလို့ဖြစ်ပါတယ်။

ဒီနေရာမှာ အခုဆောင်းပါးရေးသူ ကျင့်သုံးနေတဲ့ အချက်တချို့ကို ဝေမျှချင်ပါတယ်။ အိမ်သာတက်ရင် ဖုန်းမယူသွားတာကနေစလိုက်တာဟာ အခုဆို ဆိုရှယ်မီဒီယာကို တစ်ရက် ၂ နာရီလောက်ပဲသုံးတာ ၂ နှစ်ကျော်သွားပါပြီ။ မနက်နိုးနိုးချင်း ဖုန်းမကိုင်တော့ပါဘူး။

နောက်တစ်ခုကတော့ နည်းနည်းပြင်းထန်ပါတယ်။ ဖုန်းထဲမှာ youtube က လွဲလို့ ကျန်တဲ့ ဆော့ဖ်ဝဲတွေ အကုန်ဖျက်ထားလိုက်တာပါ။ ဂိမ်းသေးသေးလေတွေကနေစလို တယ်လီဂရမ်အလယ် Facebook အဆုံး မထည့်ထားတော့ပါဘူး။ တစ်ခုပြောချင်တာကတော့ youtube သုံးရင် short ကိုမကြည့်မိဖို့နဲ့ သူတို့ အကြံပြုတဲ့ဟာတွေကို မကြည့်မိဖို့ထိတော့ ပြတ်သားရပါတယ်။

အခုဆောင်းပါးရေးသူအနေနဲ့ ဆက်သွယ်စရာရှိရင်တော့ ကွန်ပျူတာကို သုံးပါတယ်။ အလုပ်လုပ်ပါတယ်။ ကျန်တဲ့ အချိန်မှာတော့ အများအားဖြင့် စာဖတ်တာနဲ့ အပင်စိုက်တာ၊ ဒါမှမဟုတ် လက်မှုပညာတစ်ခုခုလုပ်တာမဟုတ်ရင် ပညာရပ်တစ်ခုခုကို လေ့လာနေ့တာမျိုးနဲ့ အချိန်ကုန်ပါတယ်။ ကလေးထိန်းပါတယ်။

တည်တည်တံ့တဲ့နဲ့ ပြောရရင်တော့ တဖြည်းဖြည်းနဲ့ လူတွေဟာ လူမှုကွန်ယက်တွေကြောင့် ဆုတ်ယုတ် လာနေပါပြီ။ ဖုန်းကနေ မျက်လုံးခွာပြီး ကိုယ့်ပတ်ဝန်းကျင်ကို ဂရုစိုက်ကြည့်ပါ။ ဂရုစိုက်ပေးပါ။ ဖုန်းအသုံးတဲ့အချိန်တွေ လျော့နည်းလာတာနဲ့အမျှ ပုံမှန်ဘဝကို ပြန်ရောက်လာပါလိမ့်မယ်။ နေလို့ထိုင်လို့ ကောင်းလာပါလိမ့်မယ်။ အနိမ့်ဆုံးတော့ စာဖတ်သူရဲ့ မျက်လုံးနဲ့ ဇတ်ကြောတွေပေါ့။

အမြင့်ဆုံးကတော့ ကိုယ်ကိုတိုင်ထိန်းချုပ်စည်းကမ်းချထားတဲ့အပြင် မိသားစုထဲမှာပါ စည်းကမ်းတွေ ချမှတ်လိုက်တာကြောင့် ကိုယ့်ရဲ့ ကလေးတွေ လူမှုကွန်ယက်သုံးတာများပြီး ပျက်စီးတာ၊ ဒုစရိုက်မှုလုပ်တာနဲ့ သက်သေတာတွေ မရှိတော့တာအထိ အကျိုးကျေးဇူးတွေ ရှိလာနိုင်ပါတယ်။

အခုကစပြီး ကွန်ပျူတာရှိတဲ့သူတွေ ဖုန်းထဲက ဆိုရှယ်မီဒီယာတွေကို ဖျက်ကြည့်ရအောင်ပါ။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး