ရှမ်းပြည်နယ်၊တောင်ပိုင်း လွိုင်လင်မြို့မှာ ကျပ် ၁၅ ဘီလီယံကျော် တန်ဖိုးရှိတဲ့ အိုက်စ် (မက်သ်အဖက်တမင်း) တတန်ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ထားတာဖြစ်ပြီးလွိုင်လင်မြို့၊ ရပ်ကွက်(၂)၊ လွိုင်လင်-တောင်ကြီးသွား ကားလမ်းပေါ်မှာ နိုဝင်ဘာ ၁၆ ရက်၊ ညနေ ၆ နာရီကျော် က ဖမ်းမိခဲ့တာလို့ အသိပေးထားပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင် မြို့နယ်၊ ကျီတော်ရွာနေ တင်မျိုးထွန်း (၄၂) နှစ် မောင်းနှင်ပြီး ရှမ်း ပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ နားဖရွာနေ ဇော်ဂွန်း(၂၈)နှစ် လိုက်ပါလာတဲ့ NISSAN ၆ ဘီးမော်တော်ယာဉ်ကို သတင်းအရ စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်ကနေ ကျပ် ၁၅ ဒသမ ၆၃၈ ဘီလီယံတန်ဖိုးရှိတဲ့ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၁၁၇ တန် ဖမ်းမိခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေကို မိုင်းရယ်ကနေ ရန်ကုန်ကို သယ်ဆောင်ရောင်းဝယ်တာ ဖြစ်ပြီး ဖမ်းမိသူနှစ်ဦးကို မူးယစ်ဆေးဝါးနဲ့စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပြီး ကွင်း ဆက်ပြစ်မှု ကျူးလွန်သူတွေကိုဆက်လက်ဖော်ထုတ်နေတယ်လို့ အသိပေးထားပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးတွေကို သယ်ဆောင်ခိုင်းသူမှာ လားရှိုးမြို့နေ ဖမ်းဆီးဖို့ကျန်တဲ့ မာဒီး (ခေါ်) ဂွန်ဂျာအောင် နဲ့ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါး ကျေးရွာနေ ဖမ်းဆီးဖို့ ကျန်တဲ့ တန်ဂွန်း တို့ ဖြစ်တယ်လို့ သိရပါတယ်။


