ဧရာဝတီမြစ်ကူးတံတား(ရတနာသိင်္ခ) ဖျက်ဆီးခံရတဲ့ကိစ္စမှာ တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်အုပ်စုအကြား နှစ်ဘက်အပြန် အလှန်စွပ်စွဲတာတွေရှိ နေပါတယ်။
စစ်ကိုင်းတိုင်းထဲက ကျောက်မြောင်းမြို့နဲ့ စဉ့်ကူးမြို့ကို ချိတ်ဆက်ထားတဲ့ ဧရာ ဝတီမြစ်ကူးတံတား(ရတနာသိင်္ခ)ဟာ မနေ့အောက်တိုဘာ ၂၈ ရက် ည ၁၁နာရီအချိန်မှာ ဖျက်ဆီးခံလိုက်ရတာဖြစ်ပါတယ်။
တံတားဖျက်ဆီးခံလိုက်တဲ့ အခြေအနေအတွက် တအာင်းတပ် TNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF ပူးပေါင်းတပ်တွေက မိုင်းခွဲဖျက်ဆီးခဲ့တာလို့ စွပ်စွဲထားပါတယ်။
တော်လှန်ရေးဘက်ကလည်း စဥ့်ကူး ဘက်ခြမ်းကို စစ်အုပ်စုက စစ်ကြောင်းတွေထိုးနေပြီး၊ လေကြောင်း ပစ်ခတ်တာကြောင့် တံတားထိမှန် ပျက်ဆီးတယ်လို့ ည်း ပြန်လှန် စွပ်စွဲထားပါတယ်။
“မနေ့ညထဲက လက်နက်ကြီးတွေနဲ့ စစ်တပ်ဘက် စဉ့်ကူးဘက်ကို ပစ်တယ်။ ဒီမနက်မှာလည်း လေကြောင်းတိုက်ခိုက်တာက သူတို့ဘဲ လုပ်နေတာ။ စွပ်စွဲတယ်ဆိုတာ ဘယ်လိုလက်နက်နဲ့ ထိခဲ့တာလဲ ဆိုတာကို စစ်ဆေးလိုက်ရင် အဖြေပေါ်ပါတယ်။”တော်လှန်ရေးသတင်းရင်မြစ်တဦးက New Day Myanmar ကို သူ့ရဲ့အမြင်နဲ့ မှတ်ချက်ပြု ပြောပါတယ်။
ရတနာသိင်္ခတံတားကို ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဆောက်လုပ်ပြီးစီးခဲ့တာဖြစ်ပြီး ပေ ၂,၄၈၀ ရှည်တဲ့ သံကူကွန်ကရစ် တံတားဖြစ်တယ်လို့ သိရပါတယ်။


