ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် နိုင်ငံရေးအကျဥ်းသားတဦးဖြစ်တဲ့ မ၀တ်ရည်အောင်ရဲ့ နာရေးကို ဒီနေ့ ဇူလိုင် ၂၂ ရက်မနက်ပိုင်း အချိန်က ရေဝေးသုသာန်မှာကျင်းပခဲ့ပါတယ်။
မဝတ်ရည်အောင်ရဲ့ ဈာပနကို နိုင်ငံရေးအကျဥ်းသားဟောင်းတဦးဖြစ်တဲ့ ကိုမြအေး၊ ကိုထွန်းမြင့်အောင်နဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် မဝတ်ရည်အောင်ဟာ ဇူလိုင်လ၂၀ ရက်ကသေဆုံးခဲ့တာပါ။ သူဟာ အင်းစိန်ထောင်နဲ့ဒိုက်ဦးထောင်တွေမှာ အကျဥ်းကျခံခဲ့ရသူပါ။
စစ်ကြောရေးရဲ့အပြင်းအထန်နှိပ်စက်ခဲ့တဲ့ဒဏ်တွေကြောင့် ဦးနှောက်အကျိတ်တည်ဒဏ်ရာနဲ့ သေဆုံးခဲ့ရတာဖြစ်ပါတယ်။
အင်းစိန်ထောင်ကနေ ဒိုက်ဦးအကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့ပြီးအတွင်း မဝတ်ရည်အောင်ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာတဲ့အတွက် ပြင်ပဆေးရုံမှာ ဆေးဝါးကုသခွင့် တောင်းခံခဲ့ပေမယ့် မရရှိခဲ့ပါဘူး။
မဝတ်ရည်အောင်ဟာ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ခဲ့လို့ စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်မှာ အခြားကျောင်းသား (၅) ဦးနဲ့အတူ ကျောက်တံတားမြို့နယ်မှာ ဖမ်းဆီးခံခဲ့တာဖြစ်ပြီး ထောင် ၇ နှစ်ကျခံခဲ့ရတာပါ။
ဓါတ်ပုံ – New Day Myanmar


