ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မဝတ်ရည်အောင်ရဲ့ ရုပ်အလောင်းကို ဒီကနေ့ ဇူလိုင်၂၁ရက်မှာ အင်းစိန်ဆေးရုံကနေ ရေဝေးသုဿန်သို့ ပို့ဆောင်ခဲ့တယ်လို့ နာရေးကူညီမှုအသင်း (ရန်ကုန်)က အသိပေးထားပါတယ်။
အဲဒီလိုပို့ဆောင်ရာမှာ နာရေးကူညီမှုအသင်း (ရန်ကုန်)ရဲ့ နာယကကြီးဒေါ်သန်းမြင့်အောင်၊ရုပ်ရှင်သရုပ်ဆောင်ထွန်းကိုကိုနဲ့အသင်းသူ/သားတွေကပို့ဆောင်ကူညီပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အသက်(၂၆)နှစ်အရွယ် မဝတ်ရည်အောင်ဟာ ဇူလိုင်၂၀ ရက်မှာ အင်းစိန်အကျဉ်းထောင်အတွင်း ကွယ်လွန်သွားခဲ့တာဘဲဖြစ်ပါတယ်။
သူမဟာ စစ်ကောင်စီ စစ်ကြောရေးက နှိပ်စက်ညှင်းပန်းခဲ့တဲ့ဒဏ်တွေကိုအကျဉ်းထောင်အတွင်း လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတာကြောင့် ကွယ် လွန်ခဲ့ရတာဖြစ်တယ်လို့နိုင်ငံရေးအကျဉ်းသူအဖွဲ့-WOPP အသိပေးထားပါတယ်။
မဝတ်ရည်အောင်ဟာ စစ်တပ်အာဏာ သိမ်းလိုက်တဲ့အပေါ် ဆန့်ကျင်ဆန္ဒပြခဲ့တာကြောင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့မှာ အခြားကျောင်းသား (၅) ဦးနဲ့အတူ ကျောက်တံတားမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး၊ ပုဒ်မ ၅၀၅ (က) ကနဲ့ထောင်ဒဏ် (၃) နှစ်၊ ပုဒ်မ ၅၂ (က)နဲ့ ထောင်ဒဏ် ၄ နှစ် စုစုပေါင်း (၇)နှစ် ကိခံနေရတဲ့ ကျောင်းသူတစ်ဦးဖြစ်ပါတယ်။
ဓာတ်ပုံ – နာရေးကူညီမှုအသင်း (ရန်ကုန်)


