ယခု ဇူလိုင်လ တလအတွင်းမှာ ရန်ကုန်တိုင်းအပြင် ဒေသစုံက အသက် (၁၁)နှစ်ကနေ အသက် (၂၀) ကြား အရွယ်ကောင်းမိန်းကလေးငယ် (၆) ဦး ပျောက်ဆုံးနေတဲ့အကြောင်း လူမှုကွန်ရက်စာမျက်နှာက “လူပျောက်ကြော်ညာ”တွေကနေ သိရပါတယ်။
အဲဒီထဲက မိန်းကလေးငယ်အချို့ဟာ ယနေ့အချိန်အထိ အဆက်အသွယ်မရရှိသေးဘဲ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ New Day Myanmar က လက်လှမ်းမီသ၍ ဆက်သွယ်ရရှိထားတဲ့ ကာယကံရှင်အချို့ထံကနေသိရပါတယ်။
မိန်းကလေးငယ်တွေဟာပျောက်ဆုံးပုံချင်းမတူညီကြပေမယ့် ယနေ့အထိ ထူးခြားတဲ့ သတင်းအစအနမရရှိသေးသည်မှာ တူညီနေပါတယ်။
အခုလ ဇူလိုင် (၁၃) ရက်နေ့မှာရန်ကုန် တိုင်း ကျောက်တန်းမြို့နယ်မှာနေထိုင်တဲ့အသက် (၁၁)နှစ်အရွယ် မချယ်ရီဦးဆိုသူဟာ အိမ်ရှေ့မှာ ဆော့ကစားနေရာကနေပျောက်ဆုံးခဲ့ရသလို ရန်ကုန်မြို့ လှိုင်မြို့ နယ် အုတ်ကျင်းရပ်ကွက်မှာနေထိုင်တဲ့ Grade -12ကျောင်းသူ တဦးဟာကျူရှင်သွားတက်နေရာကနေပျောက်ဆုံးခဲ့ရပါတယ်။
ဒါအပြင် အလုံမြို့နယ်မှာနေထိုင်တဲ့ မဇာဇာဝင်းဆိုတဲ့ အမျိုးသမီးငယ်ဟာလည်း ကြည့်မြင်တိုင်မြို့နယ် ထီးတန်းဈေးမှာ ဈေးဝယ်သွားရာကနေ ပျောက်ဆုံးခဲ့ရသလို ရန်ကုန်မြို့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှာ နေထိုင်တဲ့Grade -12 ကျောင်း သူ မဝင့်ဝါရှန်ထွန်းဟာ ကျောင်းသွားရာကနေ ပျောက်ဆုံးခဲ့ရပါတယ်။
မဝင့်ဝါရှန်ထွန်းရဲ့ ဖခင်ဖြစ်သူကတော့ သမီးဖြစ်သူဟာ ယနေ့အချိန်အထိ သတင်းအစအနမရရှိဘဲ ပျောက်ဆုံးနေဆဲလို့ ပြောပါတယ်။
ဒါအပြင် ပျဉ်းမနားမြို့နယ် တောင်သာအုပ်စု မြို့ဦးရပ်ကွက်မှာနေထိုင်တဲ့ Grade-12 ကျောင်းသူမလင်းနဒီကိုဆိုသူမိန်းကလေးငယ်မှာလည်း ကျူရှင်သွားရာကနေ ပျောက်ဆုံးနေပြီး၊ ဧရာဝတီ တိုင်း အင်္ဂပူမြိုနယ် ကရင်ကူးလေးကျေးရွာမှာ နေထိုင်တဲ့ မသဇင်ပြုံးဆိုသူ မိန်းကလေးဟာလည်း အပြင်သွားရာကနေ ပျောက်ဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ဒီလို မိန်းကလေးငယ်တွေပျောက်ဆုံးနေတဲ့ သတင်းကို လူမှုကွန်ရက်စာမျက်နှာကနေ လူပျောက်ကြေညာပို့စ်တင်ထားချက်တွေအရ သိထားရပြီး မြေပြင်မှာ ဒီထက်မက ပျောက်ဆုံးနေတဲ့သူတွေလည်း ရှိနိုင်တယ်လို့ လူမှုကွန်ရက်သုံးစွဲသူတဦးက ဆိုပါတယ်။
ဓာတ်ပုံ -လူမှုကွန်ရက်


