တော်လှန်ရေး တပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မြို့တွေကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ပြန်လည်သိမ်းပိုက်နေတာကြောင့် ဇူလိုင်လရဲ့ လဝက်လောက်မှာပဲ မြို့ ၂မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ လက်လွှတ်ဆုံးရှုံးလိုက်ရပါတယ်။
ကရင်နီတော်လှန်ရေး ပူးပေါင်းအဖွဲ့တွေတိုက်ခိုက်သိမ်းယူထားတဲ့ ရှမ်း−ကယားနယ်စပ်မှာရှိတဲ့ မိုးဗြဲမြို့ကို စစ်ကောင်စီက ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဇူလိုင် ၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
မိုးဗြဲမြို့ကို ၆ လအကြာ ထိုးစစ်ဆင်ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ၊ ရက်အလိုက် ၎င်းတို့ သိမ်းပိုက်ထားတဲ့အခြေ အနေတွေကို စစ်ကောင်စီ ဝါဒဖြန့ သတင်းစာကနေဖော်ပြခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနောက် လွိုင်ကော်မိုးဗြဲ လမ်းမကြီးကို စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်အသုံးပြုခွင့်ပေးခဲ့တယ်လို့ဆိုပါတယ်။ တိုက်ပွဲတွေ မကြာခဏဖြစ်နေပေမယ့် မိုးဗြဲမြို့ကိုတော့ စစ်ကောင်စီက ပဲ အလုံးစုံပြန်လည် ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ တစ်မြို့လုံးနီးပါးကို စစ်ကောင်စီတပ်တွေကမနေ့က ဇူလိုင် ၁၅ ရက်နေ့မှာပြန်လည် ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ ဒေသ ခံသတင်းရင်းမြစ်တွေဆီကနေသိရပါတယ်။
လတ်တလော စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နောင်ချိုမြို့တောင်ဘက်ခြမ်းက ပါဟတ်၊ ဈေး၊ တောင်ရပ်ကွက်နေရာအားလုံးကို ထိန်းချုပ်သွားနိုင်ခဲ့တာဖြစ်ပြီး၊ ဒီကနေ့မှာ မြို့မြောက်ဘက်ခြမ်းကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေမှာ နောင်ချိုမြို့ ဈေးရပ်ကွက်မှာရှိတဲ့ မြို့မဈေး၊ ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ဌာနဆိုင်ရာ အဆောက်အအုံတွေကိုသိမ်းပိုက်နိုင်ခဲ့ပြီး မြို့ကို ထိန်းချုပ်နိုင်ပြီလို့ ရေးသားဖော်ပြနေကြပါတယ်။
နောင်ချိုမြို့နဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပြီး နောင်ချိုမြို့ပြီးရင် မိုးကုတ်မြို့ကိုလည်း စစ်ကောင်စီက ပြန်လည်း သိမ်းပိုက်နိုင်တော့မှာဖြစ်တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။
“မြို့ကို စစ်တပ်က ပြန်ထိန်းချုပ်လိုက်ပြီ။ မြို့ထဲက လူတွေလည်း စစ်ရှောင်နေကြရတဲ့ အခြေအနေပါ။”လို့ နောင်ချိုဒေသခံ တဦးက New Day Myanmar ကိုပြောပါတယ်။
နောင်ချိုမြို့နဲ့ မိုးကုတ်မြို့က စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး တအာင်းတပ်မတော် TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို New Day Myanmar က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အခုချိန်အထိတော့ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။
ပုံစာ – နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်သားများကိုတွေ့ရစဉ်
ဓါတ်ပုံ – စစ်ကောင်စီ


