Homeပြည်တွင်းသတင်းစစ်ကောင်စီတပ်က နောင်ချိုတစ်မြို့လုံး နီးပါး ပြန်လည်ထိန်းချုပ်ထားနိုင်

စစ်ကောင်စီတပ်က နောင်ချိုတစ်မြို့လုံး နီးပါး ပြန်လည်ထိန်းချုပ်ထားနိုင်

၁၆ ဇူလိုင် ၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ တစ်မြို့လုံးနီးပါးကို စစ်ကောင်စီတပ်တွေကမနေ့က ဇူလိုင် ၁၅ ရက်နေ့မှာပြန်လည် ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ ဒေသ ခံ‌သတင်းရင်းမြစ်တွေဆီကနေသိရပါတယ်။

လတ်တလော စစ်ကောင်စီတပ်‌ဖွဲ့ဝင်တွေဟာ နောင်ချိုမြို့တောင်ဘက်ခြမ်းက ပါဟတ်၊ ဈေး၊ တောင်ရပ်ကွက်နေရာအားလုံးကို ထိန်းချုပ်သွားနိုင်ခဲ့တာဖြစ်ပြီး၊ ဒီကနေ့မှာ မြို့မြောက်ဘက်ခြမ်းကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေမှာ နောင်ချိုမြို့ ဈေးရပ်ကွက်မှာရှိတဲ့ မြို့မဈေး၊ ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ဌာနဆိုင်ရာ အဆောက်အအုံတွေကိုသိမ်းပိုက်နိုင်ခဲ့ပြီး မြို့ကို ထိန်းချုပ်နိုင်ပြီလို့ ရေးသားဖော်ပြနေကြပါတယ်။

နောင်ချိုကို စစ်ကောင်စီတပ်က ပြန်လည် ထိန်းချုပ်သွားနိုင်တဲ့ အခြေအနေနဲ့ပတ်သက်ပြီးTNLA ပြောခွင့်ရသူတွေဘက်က တစ်စုံတရာ အသိပေးလာခြင်းမရှိသေးပါဘူး။

တောင်ခမ်းရွာကနေ စစ်ကြောင်းထိုးလာတဲ့ တပ်မ ၁၁၊ တပ်မ ၅၅ စစ်ကြောင်းတွေဟာ ဇူလိုင် ၁၃ ရက်နေ့မှာ နောင်ချိုမြို့ တောင်ရပ်ကွက်၊ ပါဟတ်ရပ်ကွက်တွေကို သိမ်းပိုက်ပြီး ဇူလိုင် ၁၅ ရက်နေ့မှာ ဈေးရပ်ကွက်နှင့် မြို့ပေါ်နေရာအများစုကို သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

ဒီတိုက်ပွဲတွေကြောင့် နောင်ချိုကျောက်မဲ သီပေါအစရှိတဲ့မြို့တွေက ဒေသခံ ၃၀၀၀ ကျော်လောက်ဟာ ဘေးလွတ်ရာ ထွက် ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံစစ်ရှောင်အမျိုးသားတစ်ဦးကပြောပါတယ်။

“TNLA ဘက်က ဆုတ်ရင်းတိုက်နေတဲ့သဘောရှိတယ်။ လောလောဆယ် ကျွန်တော်တို့ကတော့ တောင်ကြီးဘက်ကို စစ်ရှောင်လာနေပါတယ်။ စစ်ရှောင်တွေက ကျောက်မဲ နောင်ချို သီပေါ အဲ့ဒီတစ်ကြောကသူတွေပေါ့။ လားရှိုးဘက်လည်းရှောင်တဲ့သူရှိတယ်။”လို့ဆိုပါတယ်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟာ “၁၀၂၇” စစ်ဆင်ရေးအတွင်း ရှမ်းမြောက်က မူဆယ်၊ တန့်ယန်း၊ မိုင်းရယ် သုံးမြို့ကလွဲပြီး ရှမ်းမြောက်ဒေသတစ်ခုလုံးနီးပါး သိမ်းပိုက်ထားနိုင်ခဲ့တာပါ။

တရုတ်နိုင်ငံဖိအားပေးတာကြောင့် ခရိုင်မြို့ကြီးတစ်မြို့ဖြစ်တဲ့လားရှိုးမြို့ကိုလည်း ကိုးကန့်တပ်က ယခုနှစ် ဧပြီတွင် စွန့်လွှတ်လိုက်ရအပြီး နောင်ချိုမြို့ဟာဒုတိယမြောက် ဆုံးရှုံးလိုက်ရတဲ့မြို့ဖြစ်လာပါတယ်။

ဓာတ်ပုံ-စကစ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး