၃ ဇူလိုင် ၂၀၂၅
တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နဲ့ မန္တလေးတိုင်းအတွင်းက ကျောက်မဲ၊ မိုးကုတ်နဲ့ နောင်ချိုမြို့ တွေကို စစ်ကောင်စီက ရက်ဆက် လေ ကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သား ၈ ဦးသေဆုံးပြီး ၂၉ ဦးဒဏ်ရာရခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့ဒေသတွင်း အစီရင်ခံစာကဖော်ပြထားပါတယ်။
ဒါဟာ စစ်ကောင်စီရဲ့ ဇွန်လ ၂၄ ရက်ကနေ ဇူလိုင်လ ၁ ရက်နေ့အတွင်း လေ ကြောင်းတိုက်ခိုက်ခဲ့တာဖြစ်စဉ်အတွင်း ထိခိုက်သေဆုံးခဲ့ရတဲ့ အခြေအနေဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း ၇ ကျောင်း၊ ဗုဒ္ဓဘာသာစာ သင်ကျောင်း ၁ ကျောင်းနဲ့ ဗလီ ၁ လုံးအပါ အဝင် အဆောက်အအုံ ၅၀ ကျော်ပျက်စီးဆုံးရှူံခဲ့ရတယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ ဇွန်လ ၂၄ ရက်နေ့ ညနေ ၅ နာရီခန့်ကစလို့ ကျောက်မဲမြို့ကိုလေ ကြောင်းကနေပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချခဲ့တာကြောင့် အရပ်သား ၄ ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရရှိကာ စားသောက် ဆိုင်တစ်ဆိုင်၊ ဗလီတစ်လုံးနဲ့ဘုန်းကြီး ကျောင်းတစ်ကျောင်း အပါအဝင် အဆောက်အအုံ ၁၀လုံး ပျက်စီးခဲ့ရတယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။
အလားတူ ဇွန်လ ၂၅ ရက်နေ့ ည ၁၀ နာရီမှာ စစ်ကောင်စီတပ်တွေက ကံကြီးကျေး ရွာကနေ နောင်ချိုမြို့၊ စျေးရပ်ကွက်အတွင်းကို လက်နက်ကြီး ၈ လုံးနဲ့ပစ်ခတ်တာကြောင့် နေအိမ်နှစ်လုံးပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
အဲ့ဒီနေ့ ဇွန်လ ၂၅ ရက်နေ့ ည ၁၁ နာရီအချိန်မှာလည်း စစ်ကောင်စီတိုက်လေ ယာဉ်တစ်စင်းက မိုးကုတ်မြို့မှာရှိတဲ့အုံးကိုင်းဘုန်းကြီးကျောင်းကို ပေါင် ၃၀၀ ဗုံးတစ်လုံးကြဲချခဲ့ရာမှာ အရပ်သား ၄ ဦးဒဏ်ရာရရှိပြီး အုံးကိုင်းဘုရားနဲ့နေအိမ် ၅ လုံးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဇွန်လ ၂၇ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီမထိုးမီအချိန်မှာလည်း စစ်ကောင်စီတိုက်လေယာဉ်တစ်စင်းက ကျောက်မဲမြို့၊ ရပ်ကွက် ၇ ရှိ လျှပ်စစ်ဓာတ်အား ပေးရုံ (EPC)အနီးကို ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချခဲ့ရာမှာ အမျိုးသမီးတစ်ဦး သေဆုံးကာ အမျိုးသားလူငယ်နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ခရိုင်ဆောက်လုပ်ရေးဧည့်ဂေဟာနဲ့ နေအိမ်နှစ်လုံးပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၂၉ ရက်နေ့ နေ့လယ် ၂ နာရီခွဲအချိန်မှာ စစ်ကောင်စီတိုက်လေယာဉ်တစ်စင်းက ကျောက်မဲမြို့၊ ရပ်ကွက် ၁ အတွင်းကို ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချခဲ့ရာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးသုံးဦးဒဏ်ရာရရှိပြီး ကမ္ဘောဇဘုန်းကြီး ကျောင်း ၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း တစ်ကျောင်းနဲ့ နေအိမ် ၁၅ လုံးပျက်စီးခဲ့ရတယ်လို့ အစီရင်ခံစာပါအချက်အလက်အရ သိရပါတယ်။
ဒါ့အပြင် အဲ့ဒီနေ့ ည ၈ နာရီခွဲကနေ ၉ နာရီအတွင်း စစ်ကောင်စီတိုက်လေယာဉ်တစ်စင်းက ကျောက်မဲမြို့၊ ရပ်ကွက် ၇ ကို ပေါင် ၅၀၀ ဗုံးနှစ်လုံးနဲ့ Cluster ဗုံး တစ်လုံးကြဲချခဲ့ရာ နေအိမ်လေးလုံးနဲ ဘုန်းကြီးကျောင်းတစ်ကျောင်းထပ်မံပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဇွန်လ ၂၉ ရက်နေ့မှာဘဲ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစ်စီးက နောင်ချိုမြို့စျေးရပ်ကွက်ကို ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲ ချခဲ့ရာ နေအိမ်အများအပြား ပျက်စီးခဲ့တဲ့အပြင် လေကြောင်းတိုက်ခိုက်မှုအပြီး ည ၁၁ နာရီအချိန်မှာ နောင်ချိုမြို့အတွင်းကို လက်နက်ကြီးအများအပြားနဲ့ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ယခု ဇူလိုင်လ ၁ ရက်နေ့ ညနေ ၃နာရီအချိန်ခန့်မှာ စစ်ကောင်စီ နောင်ချိုမြို့ သုံးဆယ်ကျေးရွာကို ဂျက်ဖိုက်တာ တွေနဲ့လေကြောင်းကနေ ဗုံး ၁၁ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၃ဦးသေဆုံးကာ ၁ဦးဒဏ်ရာရခဲ့ပြီး နေအိမ် ၂လုံး နှင့် ဘုန်းကြီးကျောင်း ၂ကျောင်း ပျက်စီးခဲ့တယ်လို့သိရပါတယ်။
ဒါတွေက စစ်ကောင်စီဘက်နေ ရက်အလိုက် အရပ်သားပြည်သူတွေနေထိုင်တဲ့ မြို့ရွာအတွင်း လေကြောင်းတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေဖြစ်ပါတယ်။
ဇွန်လအတွင်း နောင်ချိုမြို့နယ်ရှိ ပြင်ဦးလွင်-မိုးကုတ်လမ်းတလျှောက်မှာလည်းစစ်ကောင်စီတပ်နဲ့ မန္တလေး ပြည်သူ့ကာ ကွယ်ရေးတပ်မတော်(MDY-PDF) ၊TNLA တိုရဲ့ ခုခံတော်လှန်ရေးတပ်ဖွဲ့တွေအကြား နေ့စဉ်နီးပါးတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ အစီရင်ခံစာမှာဖော်ပြထားတာပါ။


