စစ်ကိုင်းတိုင်း၊ ရွှေဘိုနယ်အတွင်းမှာရှိတဲ့
စစ်ကောင်စီနဲ့ ပျူစောထီးစခန်း ၃ ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေက တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၂၄ ဦးသေဆုံးတဲ့အပြင် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယမန်နေ့ ဇွန်၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို ဇွန်လ ၂၈ ရက်နေ့ မနက် ၆ နာရီ၊ မိနစ် ၃၀ မှာ ရွှေဘိုမြို့နယ်ပကဖဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ဟင်္သာကြီးကျေးရွာ ပျူစောထီးစခန်းနဲ့ စစ်တပ်စခန်းကုန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့သလို၊ ဘိုးနတ်တောင်မှာရှိတဲ့ စစ်ကောင်စီ အထိုင်ချစခန်းကိုလည်း ဒရုန်းတွေနဲ့ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း ပျူစောထီးကျေးရွာကနေ စစ်သုံ့ပန်း ၁၈ ဦး ဖမ်းဆီးရမိခဲ့ပေမယ့် ကလေးသူငယ်နဲ့ အမျိုး သမီးသက်ကြီးရွယ်အိုတွေဖြစ်တာကြောင့် စစ်ရေးအခြေအနေတင်းမာလာတဲ့အပြင် နယ်မြေအနေအထားအရ ဘေးလွတ်ရာကို လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်တိုက် ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ကာဘိုင် ၂ လက်၊ ကိုးလုံး ၁ လက်၊ G-3 ၁ လက်၊ ကိုးလုံးကျည် ၆၆ တောင့်၊ G-3 ကျည် ၆၃၅ တောင့်နှင့် ကျည်အိမ် ၄ ခုကိုလည်း သိမ်းဆည်းရမိခဲ့သလို တော်လှန် ရေးတပ်တွေဘက်က ပကဖရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စခန်းသိမ်း တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းမှာဘဲ ရွှေဘိုမြို့နယ် ကျောက်မြောင်း ခမရ ၁၂ နဲ့ ရွှေဘို ခလရ ၄၂ က ဟောင်ဝှစ်ဇာ၊ ၁၀၅ မမ၊ ၁၂၀ မမ စတဲ့လက်နက် ကြီးတွေနဲ့ အကြိမ်ကြိမ် ပစ်ကူပေးခဲ့တဲ့အပြင် စစ်ကောင်စီဘက်က စစ်ကူအင်အားတွေ ထပ်ရောက်လာတာကြောင့် တော်လှန်ရေးတပ်တွေပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်လို့သိပါတယ်။
ဓာတ်ပုံ- ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့


