ပြည်တွင်းက လူငယ်တွေအနေနဲ့ သင်္ဘောသားအဖြစ်လျှောက်ထားလုပ်ကိုင်မယ်ဆိုရင် အသက် ၂၅ နှစ်နဲ့ အထက်ကျော်လွန်ပါက သင်္ဘေားအဖြစ်လုပ်ကိုင်ခွင့်ပိတ်ပင်လိုက်ကြောင်း စစ်ကောင်စီရဲ့ ရေကြောင်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။
အဆိုပါ အမိန့်မှာ ဇူလိုင် ၁ ရက်တွင် စတင်အကျုံးဝင်မှာဖြစ်ကြောင်း နဲ့လက်ရှိ လုပ်ကိုင်နေဆဲ ဖြစ်တဲ့ သင်္ဘောသားတွေ နဲ့ သင်္ဘောသားစာအုပ်လျှောက်ထားပြီး သင်တန်းတက် နေသူ တွေ ကတော့ အသက် ကန့်သက်ချက်ထဲမပါဝင်ဘဲ ဆက်လက်လုပ်ကိုင်ခွင့်ရရှိသေးတယ်လို့ သိရပါတယ်။
သင်္ဘောသားအဖြစ်လုပ်ကိုင်မယ့် ပြည်တွင်းက အသက် ၂၅နှစ် အောက် လူငယ်တွေတွေအနေနဲ့ အင်္ဂလိပ်စာ အရေး၊ အဖတ်၊ အပြော၊ နားလည်မှု စွမ်းရည် IELTS Four Skill အမှတ် ၅ အထက် ရှိရမည်ဆိုတဲ့ စည်းကမ်း သတ်မှတ်ချက် အသစ်ကိုပါ တိုးမြှင့်ချမှတ်လိုက်တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီရဲ့ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရ လက်ရှိတွင် သက်တမ်းရှိ သင်္ဘောသား ဦးရေ ၈၆၂၁၉ ဦးရှိ တဲ့ အနက်မှ သင်္ဘောတက်ရောက်ပြီးသူ ၆၉၁၀၀ ဦးရှိပြီး အလုပ်မရရှိသေးဘဲ စောင့်ဆိုင်းနေသူ သင်္ဘောသားလူသစ် ၁၇၁၁၉ ဦးရှိတယ်လို့ သိရပါတယ်။
ဆက်လက်ပြီး သင်္ဘောသားမှတ်ပုံတင်ရန် လူသစ်လျှောက်ထားသူ အရေအတွက်မှာလည်း သိန်းချီ တစ် နေ့တစ်ခြား တိုးပွားလာနေတယ်လို့လည်း ဆိုထားပါတယ်။
စစ်ကောင်စီ အနေနဲ့ လူငယ်တွေ ကို စစ်မှုထမ်း ခေါ်ယူဖို့ အတွက် ပြည်ပထွက်ခွင့် ပိတ်ပင်ကန့်သက်တာတွေ ပြုလုပ်ခဲ့ရာ မှာ ယခုနှစ် အတွင်း တရားဝင် ပြည်ပထွက်အလုပ်လုပ်ခွင့် ကို အမျိုးသား အသက် ၁၈နှစ်မှ ၃၅နှစ်အထိ ပိတ်ပင် ထားပါသေးတယ်။
ဓာတ်ပုံ – MOI


