ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA ထိန်းချုပ်ဒေသမှာရှိတဲ့ အကျဥ်းထောင်တစ်ခုကနေ ထောင်ဖောက်ထွက်ပြေးတဲ့ တရုတ်နိုင်ငံသားတစ်ဦးကို ဝပြည်နယ် တရားစီရင်ရေး ကော်မတီက သေဒဏ်ချ မှတ်ခဲ့လိုက်ပြီးနောက် ချက်ချင်းကွပ်မျက်ခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Wa News Land ဖော်ပြမှုအရ သိရပါတယ်။
ပြစ်မှုကျူးလွန်တဲ့ တရုတ်နိုင်ငံသား တရားခံဟာ ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့မှာ ထောင်ဖောက်ပြေးခဲ့ရတာဖြစ်ပြီး၊ ထောင်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရတဲ့ သူတစ်ဦးဖြစ်တယ်လို့သိရပါတယ်။
တရုတ်နိုင်ငံသား တရားခံကို ကွပ်မျက်လိုက်တဲ့ ကိစ္စရပ်နဲ့ပတ်သက်လို့ ဝပြည်ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းကို ဆက်သွယ်မေးမြန်ရာမှာတော့ “ သူ့အနေနဲ့ခရီးလွန်နေတာဖြစ်တာကြောင့် မသိရသေးဘူးလို့” ဖြေကြားထား ပါတယ်။
ကွပ်မျက်ခံရတဲ့ တရုတ်နိုင်ငံသားဟာဖောက်ထွင်း မှု၊ မုဒိမ်းမှု၊ ပြန်ပေးဆွဲမှု၊ မူးယစ်ဆေးဝါး သုံးစွဲမှုတွေနဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှာ ထောင် ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
တရားခံ Wang ရဲ့ လုပ်ရပ်တွေဟာ “ဝ” ပြည်နယ် အခြေခံ ဥပဒေ ပုဒ်မ ၂၇၃ နဲ့ ပြစ်မှုဆိုင်ရာ ဥပဒေ အခန်း ၆ ပါ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်ခဲ့တာကြောင့် စွဲချက်တင်ဖို့ အထောက်အထားတွေ ခိုင်လုံခဲ့တဲ့အတွက် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ ဗဟိုကော်မတီထံ အစီရင်ခံ တင်ပြပြီးနောက် အခုလိုသေဒဏ်ချမှတ်ကာ ချက်ချင်းကွပ်မျက်ခဲ့ကြောင်း ရေးသားဖော်ပြထားပါတယ်။
“ဝ” ပြည်နယ် တရားစီရင်ရေး ကော်မတီဟာ ပြီးခဲ့တဲ့ မေလထဲမှာလည်း အသက်မပြည့်သေးတဲ့ကလေးကို မုဒိမ်းကျင့်မှုနဲ့ ရည်ရွယ်ချက်ရှိရှိ လူသတ်မှုကျူးလွန်သူ အမျိုသား (၂) ဦးကို အလားတူ သေဒဏ်ပေးခဲ့တယ်လို့ Wa News Land ဖော်ပြထားချက်အရ သိရပါတယ်။
ဓာတ်ပုံ-WSP