ကန့်ဘလူမြို့နယ်အတွင်းမှာရှိတဲ့ တိုက်နယ် ၃ ခုကို စစ်တပ်က စစ်ကြောင်းထိုးမီးရှို့မှုတွေလုပ်ဆောင်နေသလို လေကြောင်းတိုက်ခိုက်မှုတွေလုပ်လည်းဆောင်နေတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ထံက သိရပါတယ်။
ကန့်ဘလူမြို့နယ်၊မလည်တိုက်နယ်ရှိ ကျောက်မြေရွာ ၊ချပ်သင်းတိုက်နယ် နဲ့ ကိုးတောင်ဘို့တိုက်နယ်အတွင်းက ကျေးရွာတွေကို မေလ ၂၁ ရက်နေ့ မနက် ၁၀ နာရီ နဲ့ ၁၁ ကျော်အချိန်တွေမှာ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့လို့ ပြည်သူတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်က အဆိုပါတစ်ရက်အတွင်း ကန့်ဘလူမြို့နယ်၊ချပ်သင်းတိုက်နယ်ရှိ ကံကြီးရွာ၊ပေါက်ဆိန်ကုန်းရွာ နဲ့ ကိုးတောင်ဘို့တိုက်နယ်အတွင်းရှိ သင်တော၊လွင်ကြီးရွာအနီးတစ်ဝိုက်တို့ကို တံတားဦးတက် Y12 စစ်ထောက် ပို့ယာဉ်တစ်စီးနဲ့ တိုက်ပွဲဖြစ်ပွားတာမရှိပဲ လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ်တိတိ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး မေလ ၂၂ ရက် နေ့တွင် ကန့်ဘလူမြို့နယ်၊ကိုးတောင်ဘို့အထိုင်စခန်းမှ ထွက်လာသော စစ် ကောင်စီတပ်အင်အား 30 ကျော်မှ ယောကုန်းရွာအနီးရှိစစ်ဘေးရှောင်တဲတွေကို မီးရှို့ဖျက်စီးခဲ့ကြောင်းနဲ့ ပြီးခဲ့တဲ့ မေလ ၁၈ ရက်စတင်ကာ ကန့်ဘလူမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်း ၃ ကြောင်းဖြင့် ကျေးရွာတွေမှ ပြည် သူပိုင်ပစ္စည်းများ၊ကျွဲ၊နွား နဲ့ လှည်းတွေကိုပါ ခိုးယူနေကြောင်းနဲ့ စုစုပေါင်းအင်အား ၁၇၀ ကျော်ခန့်နဲ့ သင်တော ရွာ မှာ အထိုင်ချတပ်စွဲရန် ဘန်ကာများဆောက်လုပ်နေတယ်လို့လည်း အသိပေးထားပါတယ်။
စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် ကိုးတောင်ဘို့တိုက်နယ် နဲ့ ချပ်သင်းတိုက်နယ် တွေ အတွင်းက ကံကြီး၊ပေါက်ဆိန်ကုန်း၊သင်တော၊အောက်တဲ၊ဇော်ချောင်း၊မိဿလင်ကုန်း ကျေးရွာ နဲ့ အနီးအနားရှိ ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့