Homeပြည်တွင်းသတင်းAdidas ဖိနပ်တွေ ချုပ်လုပ်တဲ့ ချန်ရိစက်ရုံက အလုပ်သမားတွေ လုပ်ခလစာတိုးတောင်းတာကို ဆန္ဒမပြပဲ လုပ်ငန်းခွင်ဝင်ဖို့ စစ်ကောင်စီအလုပ်သမား ဒုဝန်ကြီးပြော

Adidas ဖိနပ်တွေ ချုပ်လုပ်တဲ့ ချန်ရိစက်ရုံက အလုပ်သမားတွေ လုပ်ခလစာတိုးတောင်းတာကို ဆန္ဒမပြပဲ လုပ်ငန်းခွင်ဝင်ဖို့ စစ်ကောင်စီအလုပ်သမား ဒုဝန်ကြီးပြော

၁၉ မေ၊ ၂၀၂၅

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က Adidas ဖိနပ်တွေ ချုပ်လုပ်တဲ့ ချန်ရိ စက်ရုံက အလုပ်သမား ၆၀၀၀ ကျော်ကလုပ်ခလစာတိုးမြှင့်ပေးဖို့ ဆန္ဒပြနေစဉ်မှာပဲ စစ်ကောင်စီ အလုပ်သမား ဒုဝန်ကြီး ရောက်လာပြီး ဆန္ဒဆက်မပြဘဲ အလုပ်ဝင်ဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ချန်ရိစက်ရုံဟာ ကမ္ဘာကျော် အမှတ်တံဆိပ်ဖြစ်တဲ့ Adidas ဖိနပ်တွေ ချုပ်လုပ်တဲ့စက်ရုံဖြစ်​ပြီး အလုပ်သမားတွေဟာ တရက်လုပ်အားခ ၅၂၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်အထိ တိုးမြှင့်ပေးဖို့ မေလ ၁၄ ရက်ကတည်းက စတင်တောင်းဆိုနေတာဖြစ်ပါတယ်။

အဲ့ဒီစက်ရုံကို အလုပ်သမား ဒုဝန်ကြီး ဦးဝင်းရှိန်ရောက်လာပြီးအလုပ်သမားတွေနဲ့ တွေ့ခဲ့ပေမယ့် ညှိနှိုင်းပေးတာ တစုံတရာ မပြုလုပ်ဘဲ အလုပ်ပြန်ဝင်ကြဖို့ပဲ ပြောသွားတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

“သူနဲ့ မဆိုင်ဘူးတဲ့ ၊ စက်ရုံနဲ့ပဲ ညှိနှိုင်းပါလို့ ပြောသွားတယ်။ ကျွန်တော်တို့ကတော့ တောင်ဆိုချက်ရတဲ့ အထိ ဆက်တိုက်မှာပါ။”လို့ အလုပ်သမားတဦးက New Day Myanmar ကိုပြောပါတယ်။

အလုပ်သမားကိုယ်စားလှယ် ၅ ဦးနဲ့ စက်ရုံဘက်က ခန့်အပ်ထားတဲ့ကိုယ်စားလှယ်တွေအကြား ဆွေးနွေး​ပြီး တရက်လုပ်ခလစာ ၉၀၀ ကျပ် ထပ်တိုးပေးဖို့ သဘောတူထားပေမယ့် အလုပ်သမားတွေခန့်အပ်တဲ့ကိုယ်စားလှယ်တွေ မဟုတ်တဲ့ အတွက် မကျေနပ်လို့ ဆန္ဒဆက်ပြနေတာလို့လည်း သူကပြောပါတယ်။

ပုံစာ – ဆန္ဒပြနေကြတဲ့ ချန်ရိစက်ရုံအလုပ်သမားများ

ဓါတ်ပုံ – CJ

ဆက်စပ် သတင်းများ

Most read