အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်၊ ကျောက်တော်မြို့ထဲက ရွာမရပ်ကွက်နေရာ ကို စစ်ကောင်စီက နှစ်ရက်ဆက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ကျောက်တော်မြို့ ရွာမရပ်ကွက်နေရာကို ဒီကနေ့ မေလ ၁၅ ရက် နေ့လယ် ၂ နာရီကျော်အချိန်မှာ စစ်တပ်က လေကြောင်းနဲ့တိုက်ခိုက်ခဲ့ပြီး အဆိုပါရပ်ကွက်မှာ မေလ ၁၄ ရက်နေ့ကလည်း ပေါင် ၅၀၀ ဗုံးနှစ်လုံး လာရောက်ဗုံးကြဲသွားခဲ့ပြိးဖြစ်တယ်လို့ သိရပါတယ်။
မေလ ၁၄ ရက် ညနေပိုင်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်း အမျိုးသမီး နှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
မေလ ၁၃ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၃ ဦးသေဆုံးခဲ့ပြီး ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။