Homeပြည်တွင်းသတင်းရေစကြိုမြို့နယ် ဗလဘ ရွာကို စစ်တပ်ကဝင်ရောက်စီးနင်းပြီး ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီး

ရေစကြိုမြို့နယ် ဗလဘ ရွာကို စစ်တပ်ကဝင်ရောက်စီးနင်းပြီး ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီး

၂၄ ဧပြီ၊၂၀၂၅

ရေစကြိုမြို့နယ် ဗလဘ ရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်စီးနှင်းခဲ့ပြီး နှစ်ရက်ဆက်တိုက် ဒေသခံနေအိမ်တွေကိုမီးရှို့ဖျက်စီးခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါးမီးလောင်ပျက်စီးခဲ့တယ်လို့ Yesagyo Township Info Committee ရဲ့ထုတ်ပြန်မှုအရ သိရပါတယ်။

ရေစကြိုမြိုနယ်အတွင်း စစ်ကောင်စီတပ် ပခုက္ကူ တပ်မ ၁၀၁နဲ့ ရေစကြို တပ်ရင်း ၂၅၆/၇/၈ တို့မှ စစ်တပ်နဲ့ပျုစောထီး ပူးပေါင်း အင်အား ၁၅၀ ဝန်းကျင်နဲ့ ဧပြီလ ၂၀ ရက်‌နေ့မှာ ကြူရွာ၊ ဆင်ကြို့ရွာကို ရောက်ရှိလာကာ အထိုင်ချတပ်စွဲပြီး အနီးနာရှိကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်မီးရှို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။။

ဧပြီလ ၂၁ ရက်နေ့တွင် ကြူရွာမှ ဗလဘ ရွာကို လက်နက်ကြီးတွေပစ်ခတ်ဝင်ရောက်စီးနင်းကာ ပြည်သူပိုင်ပစ္စည်းတွေကို စိတ်တိုင်းကျ ခိုးယူလုယက် ယူဆောင်ပြီး နေအိမ်တွေကို ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ စစ်ကြောင်းကြောင့် ကြူရွာ၊ ဆင်ကြို့ရွာ၊ ရွာသစ်ရွာ၊ ညောင်ပင်ရွာ၊ ကျော်ထင်ကုန်းရွာ၊ မထီးရွာ၊ အင်းမရွာ၊ ငါးမြာလေးရွာ၊ လေးရာပြည့်ရွာ၊ ဆင်မရဲရွာ၊ ငါးဖယ်ရွာ ၊ဟင်္သာရွာ၊ အလယ်သောင်ရွာ၊ အလယ် ကျောရွာ နဲ့ ဇီးပင်ကျေးရွာတွေက ဒေသခံပြည်သူတွေ အိုးအိမ်စွန့်ခွါထွက်ပြေးနေကြရပြီး စစ်တပ်ကလေ ကြောင်းနဲ့ နေ့စဉ်တိုက်ခိုက်လျှက်ရှိတယ်လို့သိရပါတယ်။

ဆက်လက်ပြီး ဧပြီလ ၂၁ ရက်နေ့ နေ့ခင်းပိုင်းတွင်လည်း စစ်ကောင်စီတပ်က ဇီးပင်ကုန်းရွာကို လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ်၊ ညပိုင်းတွင် ၁ ကြိမ် ပြုလုပ်ခဲ့ပြီး ဧပြီလ ၂၃ ရက်နေ့ ည ၉ နာရီခွဲဝန်းကျင် တွင်လည်း လေကြောင်းနဲ့ ၂ ကြိမ် ရေစကြိုမြို့နယ်၊ ဇီးပင်ကုန်းကျေးရွာအရှေ့ဘက် နဲ့ဆင်မရဲကျေးရွာတောင်ဘက်ပိုင်း ကို ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဆင်မရဲကျေးရွာနေ အမျိုးသမီးတစ်ဦး ဦး‌ခေါင်းထိမှန် သေဆုံးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – Yesagyo Township Info Committee

ဆက်စပ် သတင်းများ

Most read