Homeပြည်တွင်းသတင်းရိုးမဘဏ် ဥက္ကဋ္ဌ ဦးသိမ်းဝေ ကို စစ်ကောင်စီ ထောင်ဒဏ် ၁၁ နှစ်ချမှတ်၊ ဒါရိုက်တာအဖွဲ့ဝင်တွေလည်း ထောင်အသီးသီးကျ

ရိုးမဘဏ် ဥက္ကဋ္ဌ ဦးသိမ်းဝေ ကို စစ်ကောင်စီ ထောင်ဒဏ် ၁၁ နှစ်ချမှတ်၊ ဒါရိုက်တာအဖွဲ့ဝင်တွေလည်း ထောင်အသီးသီးကျ

ဧပြီ၊ ၂၀၂၅

ရိုးမဘဏ် ဥက္ကဋ္ဌ ဦးသိမ်းဝေ နဲ့ ဒါရိုက်တာအဖွဲ့ကို စစ်ကောင်စီက ထောင်ဒဏ်အသီးသီးချမှတ်လိုက်ပြီဖြစ်တယ်လို့ တရားရေးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက နေစုံစမ်းသိရပါတယ်။

ဦးသိမ်းဝေ၊ ရိုးမဘဏ် CEO ဦးဘမောင်စိန်အပါအဝင် ရိုးမဘဏ်ဒါရိုက်တာ ၉ ဦးကို စစ်ကောင်စီရဲ့ ဗိုလ်တထောင်ခရိုင်တရားရုံးက ဧပြီ ၄ ရက် သောကြာနေ့က ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်တယ်သတင်းထွက်ပေါ်နေတာပါ။

“အဂတိမှုနဲ့ မဟုတ်ဘူး၊ ဗဟိုဘဏ်ဥပဒေ နဲ့ အမိန့်ချလိုက်တာပါ။”လို့ တရားရေးနဲ့ နီးစပ်သူ တဦးက New Day Myanmar ကိုပြောပါတယ်။

ရိုးမဘဏ်ဥက္ကဌ ဦးသိမ်းဝေ ကို ၁၃နှစ်၊ CEO ဦးဘမောင်စိန်ကို ၁၁နှစ်၊ ဦးဇာနည် ကို ၁၁နှစ်နဲ့ ကျန်လူတွေ ၃ နှစ်စီ ထောင်ဒဏ်အသီးသီးချမှတ်လိုက်တာဖြစ်တယ်လို့ New Day Myanmar ရဲ့ သတင်းရင်းမြစ်က အတည်ပြုပါတယ်။

ရိုးမဘဏ် ဥက္ကဋ္ဌ ဦးသိမ်းဝေ၊ CEO ဦးဘမောင်စိန် အပါအဝင် ဒါရိုက်တာ ၉ ဦးကို ၂၀၂၄ ခုနှစ် ဇွန်လဆန်းပိုင်းက စတင်ပြီး စစ်ကောင်စီက ဖမ်းဆီး စစ်ဆေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီတုန်းကတော့ ထိုင်းနိုင်ငံက ကွန်ဒိုတိုက်ခန်း ရောင်းဝယ်မှုတွေမှာ ရိုးမဘဏ်ကပါဝင်ပတ်သက်မှုနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ရိုးမဘဏ်ကို ၁၉၉၃ ခုနှစ် မေလမှာ ဦးသိမ်းဝေရဲ့ FMI ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီက စတင်တည်ထောင်ခဲ့ပြီး ယခုအခါ မြို့ပေါင်း ၄၃ ခုမှာ ဘဏ်ခွဲပေါင်း ၈၅ ခုဖွင့်လှစ်ထားပါတယ်။

ဦးသိန်းဝေနဲ့ပတ်သက်ပြီး ၂၀၂၃ ဇူလိုင်လက PDF တွေကို ပုတ်ခတ်ထားတဲ့သူ့ရဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ဖူးပါတယ်။

ဒီရုပ်သံဖိုင်ထဲမှာ သူက “ဒီလူတွေ (PDF တွေ) နေပြည်တော်ကို သွားသိမ်းဖို့ အဆင့်ရှိလား။ ဟာ မရှိဘူး။ နေပြည်တော်ကို စိတ်မဝင်စားဘူး။ အဲတော့ စိတ်ကျေနပ်ပြီ။ နေပြည်တော်ကို စိတ်မဝင်စားရင် တိုက်စရာ မရှိဘူး။ မင်းဒေသမှာ မင်းတိုက်ပေါ့။ လူတိုင်းက နေပြည်တော်ကို မက်နေပြီဆိုရင်တော့ ငါတို့က နည်းနည်း ဒုက္ခရောက်မှာ” လို့ ပြောဆိုထားပါတယ်။

ဓါတ်ပုံ – GETTY image

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး