၂၆ ဖေဖေါ်ဝါရီ၊၂၀၂၅
မန္တလေး အိုးဘိုအကျဉ်းထောင်မှာ ဆေးဝါးကုသခွင့်လုံလောက်စွာမရရှိတာကြောင့် နိုင်ငံရေးအကျဥ်းသား ကိုအောင်ထွန်းဆိုသူ သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်- PPNM က ထုတ်ပြန်အသိပေးထားပါတယ်။
ကိုအောင်ထွန်းဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းမခံရမီ ကျန်းမာရေးကောင်မွန်သူတစ်ဦးဖြစ်ပြီး အိုးဘိုထောင်မှာ ဖမ်းဆီးထိန်သိမ်းခံရပြီးနောက် ခန္ဓာကိုယ်မှာ အနာတွေပေါက်ပြီး ထောင်ဆေးရုံမှာ တစ်ပတ်ကြာဆေးကုသမှုခံယူပြီးနောက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်မှာ သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ကိုအောင်ထွန်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီလ (၁၅)ရက်မှာ မန္တလေးတိုင်း အမရပူရမြို့နယ်မှာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာခံရပြီး အမရပူရတရားရုံးမှာ ထောင်ဒဏ်(၃) နှစ် ချမှတ်ခံခဲ့ရကာ အိုးဘိုအကျဉ်းထောင်မှာ ထိန်းသိမ်းခံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အလားတူ အိုးဘိုထောင်မှာပဲ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က နိုင်ငံရေးအကျဉ်းသူ ဒေါ်စန်းရီလည်း ထောင်တွင်း ဆေးဝါးလုံလောက်စွာ ကုသခွင့်မရလို့ သေဆုံးခဲ့တယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ၁ နှစ်အတွင်း စစ်ကောင်စီလက်ချက်ကြောင့် နိုင်ငံရေးအကျဥ်းသား ၃၁ ဦးသေဆုံးခဲ့တယ်လို့ မြန် PPNM က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်မှာ ထုတ်ပြန်ထားပြီးသေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသားတွေထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုမရလို့ သေဆုံးသူ ၂၂ ဦးနဲ့ ဥပဒေမဲ့ ညှဥ်းပန်းနှိပ်စက်ခံရလို့ သေဆုံးသူ ၉ ဦးဖြစ် တယ်လို့ ဆိုပါတယ်။
Photo – PPNM