၁၂ ဖေဖော်ဝါရီ၊ ၂၀၂၄
မကွေးတိုင်း၊ ငဖဲမြို့နယ် ပဒါန်းမြို့အနောက်ဘက်က ပျဉ်းဝစစ်ဆေးရေးဂိတ်အနီးမှာရှိတဲ့ ဘုရားတောင် စစ်ကောင်စီတပ်စခန်းကုန်းကို ချင်းဒေသကာကွယ်ရေးတပ်-အရှို (CDF – Asho) က တိုက်ခိုက်သိမ်းပိုက်နိုင်ပြီလို့ ဖေဖော်ဝါရီလ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်တပ်စခန်းက ပျဉ်းဝဂိတ်ကို စောင့်ဖို့အတွက် အင်အား ၁၅ယောက် ဝန်းကျင်သာ ရှိပြီး ဖေဖော်ဝါရီ ၉ ရက်က သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ သေနတ်သံကြားတဲ့အချိန်မှာ သေနတ်နဲ့ ခဏသာ ပြန်လည်ပစ်ခတ်ပြီး ပဒါန်းမြို့ပေါ်က တခြားစစ်တပ်စခန်းတွေဆီ ထွက်ပြေးသွားကြတယ်လို့လည်း ဆိုပါတယ်။
တိုက်ပွဲဖြစ်ချိန်မှာ ဘုရားတောင် စခန်းကုန်းက စစ်သားတွေသာမကဘဲ ပျဉ်းဝဂိတ်နဲ့ စုပေါင်းဂိတ်က တာဝန်ကျစစ်သားတွေပါ အကုန်ထွက်ပြေးသွားတယ်လို့ သတင်းတွေက ရေးသားကြပါတယ်။ ဒီစခန်းဟာ ပဒါန်းမြို့အနီးရှိနေပြီးတော့ အမြှောက်တပ်၊ အမြှောက်စစ်ဆင်ရေးကွပ်ကဲရေးစခန်းတွေနဲ့ နီးတဲ့အတွက် ပစ်မှတ်ထားတိုက်ခိုက်တာလို့ CDF Asho က ပြောဆိုထားပါတယ်။ ဒီစခန်းကုန်းကနေ လက်နက်အနည်းငယ်သာရပြီး စခန်းကို မီးရှို့ပြီးနောက်မှာ ပြန်လည်ဆုတ်ခွာခဲ့ကြတာ ဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပြီး နောက်တနေ့မှာ ဘုရားတောင်စခန်းကုန်းအနီးက ဂုတ်ဝ၊ ရေနွယ်စတဲ့အရှိုချင်းရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးပြီး အရပ်သားပြည်သူတွေကို ဖမ်းဆီးသွားတယ်လို့ CDF – Asho က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – CDF – Asho