၉ ဖေဖော်ဝါရီ၊ ၂၀၂၅
ထိုင်းနိုင်ငံ၊ ရနောင်းခရိုင် ရေပိုင်နက်ကို ကျူးကျော်ဝင်ရောက်မှုနဲ့ ကော့သောင်းဘက်က မြန်မာငါးဖမ်းလှေတစ်စီးကို ထိုင်းရေတပ်က ဖမ်းဆီးလိုက်တယ်လို့ ထိုင်းအမှတ် ၃ တော်ဝင်ရေတပ်က ထုတ်ပြန်ကြေညာပါတယ်။
ဖေဖော်ဝါရီ ၇ ရက် ညပိုင်းမှာ ရနောင်းခရိုင်၊ ခန်းခေါင်ကျွန်းအနီးမှာ ရပ်ထားတဲ့ ငါးဖမ်းလှေ ၂ စီးဟာ တရားမဝင်ငါးဖမ်းနေတယ်လို့ ယူဆရတဲ့အတွက် ထိုင်းတော်ဝင်ရေတပ်က သင်္ဘော ၂ စီးနဲ့ သွားရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ငါးဖမ်းလှေ ၂ စီးထဲက ၁ စီးက မြန်မာလှေဦးစီးအပါအဝင် မြန်မာ ၉ ဦး လိုက်ပါလာပြီး ထိုင်းနိုင်ငံထဲ ဝင်ရောက်ဖို့ စာရွက်စာတမ်းအထောက်အထားမရှိဘူးလို့ သိရပါတယ်။ နောက်ထပ်လှေတစ်စီးက ထိုင်းငါးဖမ်းလှေဖြစ်ပြီး လှေပေါ်မှာ ထိုင်းလှေဦးစီးတစ်ဦးအပါအဝင် မြန်မာငါးဖမ်းလှေလုပ်သား ၄ ဦးကို တွေ့ရှိခဲ့တယ်လို့ ထိုင်းဘက်က ပြောပါတယ်။
ထိုင်းနိုင်ငံထဲ အထောက်အထားမရှိဘဲ ဝင်ရောက်ခဲ့တဲ့ မြန်မာလှေဦးစီးနဲ့ ငါးဖမ်းလှေလုပ်သား စုစုပေါင်း ၁၃ ဦးကို ပါနန်းရဲစခန်းကို ခေါ်ဆောင်သွားပြီး ထိုင်းနိုင်ငံထဲကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်မှု၊ ငါးဖမ်းမှတ်ပုံတင်၊ လောင်စာဆီမှောင်ခိုမှု အပါအဝင် အမှု ၅ မှုနဲ့ ကနဦး တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၃၀ရက် ညပိုင်းမှာ ကော့သောင်းခရိုင်၊ မြန်မာရေပိုင်နက်ထဲကျူးကျော်လာတဲ့ ထိုင်းငါးဖမ်းစက်တွေထဲက လှေ ၂ စီးကို မြန်မာစစ်တပ်က ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။ ဒီလှေနှစ်စီးပေါ်က ထိုင်းနိုင်ငံသား ၄ ဦး အပါအဝင် မြန်မာငါးဖမ်းရေလုပ်သား ၂၇ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ ဖမ်းဆီးထားတဲ့ ထိုင်းနိုင်ငံသား ၄ ဦးကိုတော့ ပြစ်ဒဏ်အလိုက် ထောင်ဒဏ်နဲ့ငွေဒဏ်ချမှတ်ပြီး ထိုင်းအစိုးရက အကြိမ်ကြိမ် တောင်းဆိုပေမယ့် အခုချိန်ထိ လွှတ်ပေးခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ဓာတ်ပုံ – Thai Enquirer