၃၁ ဇန်နဝါရီ၊ ၂၀၂၅
ကာလုံအစည်းအဝေးအပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်အပါအဝင် ပြည်ထောင်စုဝန်ကြီးသုံးဦးနဲ့ ဒုဝန်ကြီးတစ်ဦးကို စစ်ကောင်စီကတာဝန်မှအနားပေးခဲ့ပါတယ်။
အမိန့်အမှတ်၊ ၁၀ / ၂၀၂၅ ၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်) ရက်စွဲနဲ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ စစ်ကောင်စီဝန်ကြီး လေးဦးကို တာဝန်မှအနားယူခွင့်ပြုလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။
၎င်းတို့မှာ စစ်ကောင်စီလက်အောက် ဦးမြင့်နောင် (အလုပ်သမားဝန်ကြီးဌာန)၊ ဦးမင်းသိန်းဇံ (အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန)၊ ဒေါက်တာ သက်သက်ခိုင်(ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန) ၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းတို့ပဲ ဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ စစ်အာဏာသက်တမ်း (၆) လထပ်တိုးပြီးနောက် ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ်။ ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့မှာတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တို့က ဆက်လက်တာဝန်ယူထမ်းဆောင်မှာ ဖြစ်ပါတယ်။
ထို့ပြင် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းက စစ်ထောက်ချုပ် ရာထူးတိုးသွားပြီး နေပြည်တော်မှာ ပြန်လည်တာဝန်ထမ်းဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး စစ်ကောင်စီလက်အောက် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး၊ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာနတွေ ရဲ့ ဒုတိယဝန်ကြီးချုပ် နဲ့ ပြည်ထောင်စု ဝန်ကြီးတွေကလည်း အပြောင်းအလဲမရှိခဲ့သလိုပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နဲ့ နယ်စပ်ရေးရာ ဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က ပြောင်းလဲ တာဝန်ယူ ထမ်းဆောင်သွား မယ်လို့ အမိန့်အရ သိရပါတယ်။
အလုပ်သမားဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နဲ့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတွေမှာလည်း အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
ပုံစာ – ဒေါ်သက်သက်ခိုင်ကို ဟိုတယ်ခရီးဝန်ကြီးအဖြစ် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက တွေ့မြင်ရစဉ်(ပုံဟောင်း)
ဓာတ်ပုံ – စစ်ကောင်စီ