၂၈ ဇန်နဝါရီ၊ ၂၀၂၅
အခြေချနေထိုင်ခွင့်မရှိတဲ့ဗီဇာ non – immigrant visaအမျိုးအစားတချို့ကို ရရှိပြီးသား မြန်မာနိုင်ငံသားတွေအနေနဲ့ ကာလသတ်မှတ်ချက်နဲ့ညီရင် အင်တာဗျူး ဖြေစရာမလိုဘဲ သက်တမ်းတိုးနိုင်တယ်လို့ ရန်ကုန်မြို့ အခြေစိုက် အမေရိကန်သံရုံးက ဇန်နဝါရီ ၂၇ ရက်က ကြေညာလိုက်ပါတယ်။
ကျောင်းသားဗီဇာ (F1)၊ နိုင်ငံတကာရေကြောင်းနဲ့ လေကြောင်းဆိုင်ရာ ဝန်ထမ်းတွေ ကိုင်ဆောင်တဲ့ဗီဇာ ( C1၊ D ၊ C1/D ) နဲ့ စီးပွားလုပ်ငန်းဆိုင်ရာ၊ အလုပ်အကိုင်၊ ဆေးဝါးကုသမှုနဲ့ အလည်အပတ်ဗီဇာတွေဖြစ်တဲ့ ( B1၊ B2၊ B1\B2) အမျိုးအစားတွေက အင်တာဗျူးဖြေစရာမလိုဘဲ သံရုံးမှာ သက်တမ်းတိုးလို့ ရမှာဖြစ်ပါတယ်။
“အင်တာဗျူးမဖြေရဘဲ ဗီဇာတွေ ချပေးနေတယ်လို့ တချို့က ထင်နေတယ်။ အခုက နဂိုရှိပြီးသားသူတွေကိုပဲ သက်တမ်းတိုးခွင့်ပေးတာပါ။ ပြောရရင် ဝန်ထမ်းတွေ အလုပ်လုပ်ရတဲ့ process နည်းသွားတယ်၊ ဘာတွေ တိုးတက်လာနိုင်လဲဆိုတော့ သက်တမ်းမကျန်သူတွေက အင်တာဗျူးအတွက် စိတ်ပူရတာတွေ နည်းသွားမယ်။ အသစ်တွေက နောက်ထပ်ဗီဇာကျဖို့ အခြေအနေတွေတင်းကြပ်လာနိုင်ပေမယ့် ဗီဇာကျပြီးသားတွေက အလွယ်တကူ ပြည်ဝင်ခွင့်ရသွားမယ်။ ဒီလောက်ပါပဲ”လို့ အမေရိကန်ဗီဇာလျှောက်ပေးတဲ့လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောဆိုပါတယ်။
ဒီအစီအစဉ်မှာ နဂိုဗီဇာရရှိထားသူတွေပဲ အကျုံးဝင်မှာ ဖြစ်ပါတယ်။ C1/D နဲ့ F1 ဗီဇာကိုင်ဆောင်ထားသူတွေအနေနဲ့ လေးနှစ်အတွင်း သံရုံးအင်တာဗျူး ဖြေစရာမလိုဘဲသက်တမ်းတိုးနိုင်မှာဖြစ်ပြီး B1၊ B2၊ B1\B2 ဗီဇာတွေက တစ်နှစ်အတွင်း အင်တာဗျူးမလိုဘဲ သက်တမ်းတိုးနိုင်မှာ ဖြစ်ပါတယ်။