Homeပြည်တွင်းသတင်းနတ်တလင်းမြို့နယ်ကို စစ်ကြောင်းထိုးပြီး ရွာထဲက ဒေသခံဆယ်ဦးဝန်းကျင်ကို ဖမ်းဆီးသတ်ဖြတ်

နတ်တလင်းမြို့နယ်ကို စစ်ကြောင်းထိုးပြီး ရွာထဲက ဒေသခံဆယ်ဦးဝန်းကျင်ကို ဖမ်းဆီးသတ်ဖြတ်

၂၀ ဇန်နဝါရီ၊ ၂၀၂၄

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်က ဆီဆုံကုန်းရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇန်နဝါရီလ ၁၅ ရက်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ရွာထဲက ဒေသခံ ၁၀ ဦးဝန်းကျင်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောဆိုပါတယ။

ရွာက အိမ်ခြေ ၆၀၀ ဝန်းကျင်ရှိပြီး ဒေသခံ ထောင်နဲ့ချီကာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ အခု ဖမ်းဆီးသတ်ဖြတ်ခံရသူတွေက ရွာထဲ ပိတ်မိခဲ့တဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

“ရွာထဲကို ၁၅ရက်နေ့ဝင်တာ ၊ ဝင်စီးပြီး အိမ်မှာကျန်နေသူတွေကို ဖမ်းထားတာ ၁၆ ရက်နေ့မှာ ရွာလမ်းမကို အကုန်ထွက်ခိုင်းပြီး စုပြီး သတ်ပစ်တာ။ အသတ်ခံရသူအများစုက ယောကျားတွေ မိန်းမတွေလည်း ပါကောင်းပါနိုင်တယ် ဘယ်သူမှ ဝင်ပြီး မသင်္ဂြိုဟ်ရဲသေးဘူး” လို့ ဒေသအခြေအနေသိသူတစ်ဦးက ဆိုပါတယ်။

ဇန်နဝါရီလ ၂၀ရက် ဒီနေ့မနက်ပိုင်းရတဲ့ သတင်းတွေအရ ရွာထဲမှာ စစ်ကောင်စီက ဆက်ပြီး ရှိနေဆဲဖြစ်ပြီး အလောင်းတွေကိုလည်း စစ်ကောင်စီက ဒီအတိုင်း ထားထားတယ်လို့သိရပါတယ်။ ရွာထဲက ပြည်သူပိုင်တဲ့ပစ္စည်းတွေကို စိတ်ကြိုက် ယူငင်နေကြတယ်လို့လည်း သိရပါတယ်။

ဆီဆုံကုန်းရွာကို ဒီဇင်ဘာလဆန်းတုန်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောင်းထိုးခဲ့ပြီး အဲဒီတုန်းက လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား တစ်ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာခဲ့ပါတယ်။

ဆီဆုံကုန်းရွာဟာ ပဲခူးရိုးမအစပ်ဖြစ်တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်လာနိုင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်ကောင်စီက စစ်ကြောင်းထိုးတာဖြစ်တယ်လို့သိရပါတယ်။ ဆီဆုံကုန်းရွာအနီးက ဘန့်ဘွေးကုန်းနဲ့ လယ်မအင်းရွာက လူနေအိမ်တွေကိုလည်း စစ်ကောင်စီက ဇန်နဝါရီလ ၁၇ ရက်မှာ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ဆက်စပ် သတင်းများ

Most read