Homeပြည်တွင်းသတင်းရွှေတြိဂံဒေသမှာ မြန်မာမူးယစ်လက်နက်ကိုင်တွေနဲ့ ထိုင်းနယ်ခြားစောင့်တပ် အပြန်အလှန်ပစ်ခတ်

ရွှေတြိဂံဒေသမှာ မြန်မာမူးယစ်လက်နက်ကိုင်တွေနဲ့ ထိုင်းနယ်ခြားစောင့်တပ် အပြန်အလှန်ပစ်ခတ်

၁၆ ဇန်နဝါရီ၊ ၂၀၂၅

မြန်မာနယ်စပ်ကနေ ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်အတွင်းကို မူးယစ်ဆေးဝါးသယ်ဆောင်လာသူတွေနဲ့ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ကြားမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး မူးယစ်ဆေးဝါးသယ်ဆောင်လာသူတွေထဲက ၄ ဦးသေဆုံးခဲ့တယ်လို့ ထိုင်းသတင်းဌာန Nation က ဇန်နဝါရီ ၁၅ ရက်က ဖော်ပြပါတယ်။

ဇန်နဝါရီလ ၁၃ ရက် ညပိုင်းက နယ်ခြားစောင့်တပ်ဖွဲ့ က မူးယစ်ဆေးသယ်လာတဲ့အဖွဲ့ကို စစ်ဆေးဖို့ တားဆီးချိန်မှာ တဖက်က စတင်ပစ်ခတ်တာကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီအဖွဲ့ကနေ ICE မူးယစ်ဆေး ကီလိုတစ်ထောင်ကျော် (၁ တန်ကျော်) သိမ်းဆည်းရမိခဲ့တယ်လို့ ပြောပြီး အဖွဲ့ဝင် အယောက် ၂၀ ခန့်ပါတယ်လို့ဆိုပါတယ်။

ဇန်နဝါရီလ ၁၄ ရက် မနက်ပိုင်းမှာ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက အခင်းဖြစ်ပွားရာကို သွားရောက်ရှင်းလင်းရာမှာတော့ မူးယစ်လက်နက်ကိုင်တွေရဲ့ အလောင်း ၄ လောင်းနဲ့ ICE မူးယစ်ဆေးထည့်သယ်လာတဲ့ ကျောပိုးအိတ် အလုံး ၃၀ ကျော်ကို တွေ့ခဲ့ရတယ်လို့ ဖော်ပြပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာဟာ နယ်စပ်နဲ့ မီတာ ၆၀၀ လောက်ပဲ ကွာဝေးပြီး ကမ္ဘာကျော်ရွှေတြိဂံနယ်မြေဒေသလို့ခေါ်တဲ့ မြန်မာ၊ ထိုင်း နဲ့ လာအို သုံးနိုင်ငံဆုံရာနယ်နိမိတ် အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီဒေသမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီးမှာ ရာဇဝတ်ဂိုဏ်းတွေ ပိုပြီး ပေါများထင်ပေါ်လာတယ်လို့ ဆိုပါတယ်၊

ထိုင်းဘတ်ငွေ သန်းပေါင်း တစ်ထောင်ကျော်တန်ဖိုးရှိတဲ့ နဂါးပုံ တံဆိပ်ပါ ICE မူးယစ်ဆေးတွေဟာ မြန်မာဘက်ခြမ်း တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေကနေ ထုတ်လုပ်ပြီး ထိုင်းကတဆင့် တတိယ နိုင်ငံတွေဆီ ပို့ဆောင်နေကြတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြကြပါတယ်။

မူးယစ်လက်နက်ကိုင်တွေထဲက လွတ်မြောက်သွားတဲ့သူတွေက မြန်မာဘက်ခြမ်းကို ပြေးသွားတယ်လို့ ပြောဆိုထားပြီး အခု ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဖမ်းဆီးမိတဲ့ မူးယစ်ဆေးတွေဟာ ၂၀၂၅ နှစ်စမှာ အမြင့်ဆုံးပမာဏနဲ့တန်ဖိုးဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – The Nation

ဆက်စပ် သတင်းများ

Most read