၂၀ ဒီဇင်ဘာ၊ ၂၀၂၄
ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်တွေက စစ်သင်္ဘောတွေနဲ့ တက်လာပြီး စစ်ကြောင်းထိုးဝင်ရောက်ကာ ရွာသုံး ရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေစကြိုမြို့ နယ်သတင်းအချက်အလက်ကော်မတီက ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁၉ရက်၊ နံနက် ၇ နာရီဝန်းကျင်အချိန်မှာ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်သင်္ဘောနဲ့ တက်လာပြီး စစ်ကြောင်းထိုးဝင်ရောက်ကာ နွယ်နီရွာကို မီးရှို့ခဲ့ပါတယ်။ အဲဒီနောက်မှာ မနက်၁၀နာရီ ၄၀ ဝန်းကျင်မှာ ကျွန်းညိုရွာကို ဆက်ပြီး စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက်မှာတော့ ခြံကျေးရွာကိုသွားရောက်ပြီး ဆက်ပြီး မီးရှို့ဖျက်ဆီးတာကြောင့် ဒီရွာသုံးရွာက စုစုပေါင်း အိမ်ခြေ ၂၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
အနီးပတ်ဝန်းကျင်က ဒေသခံပြည်သူတွေကလည်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတာကြောင့် နေအိမ်စွန့်ခွာ ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဒီဇင်ဘာ ၂၀ ရက်မနက်ပိုင်းထိ ရေလယ်ကျွန်းက ထွက်ခွာခြင်းမရှိသေးကြောင်းနဲ့ ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးခြင်းမရှိတာ တစ်နှစ်နီးပါးရှိနေပြီလို့ ဒေသခံတွေက ပြောဆိုပါတယ်။ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသဟာ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်း ၃ ခုဆုံရာ နယ်မြေဒေသတစ်ခု ဖြစ်ပါတယ်။
Photo – Yesagyo Township Information Committee