Homeပြည်တွင်းသတင်းစစ်ကောင်စီက ဖမ်းဆီးထားတဲ့ ထိုင်းရေလုပ်သား ၄ ဦးကို ထောင်ဒဏ် ၆နှစ်ထိ ချမှတ်ထားပေမယ့် ဇန်နဝါရီ ၄ ရက်မှာ ပြန်လွတ်လာမယ့်အကြောင်း...

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ထိုင်းရေလုပ်သား ၄ ဦးကို ထောင်ဒဏ် ၆နှစ်ထိ ချမှတ်ထားပေမယ့် ဇန်နဝါရီ ၄ ရက်မှာ ပြန်လွတ်လာမယ့်အကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး ပြောဆို

၁၈ ဒီဇင်ဘာ၊ ၂၀၂၄

စစ်ကောင်စီရေတပ်က ပစ်ခတ်ဖမ်းဆီးထားတဲ့ ထိုင်းနိုင်ငံသား ၄ ဦးကို ထောင်ဒဏ် ၄ နှစ်က ၆ နှစ်အထိ ချမှတ်ထားပေမယ့် လာမယ့် ဇန်နဝါရီလ ၄ ရက်မှာ ပြန်ပြီး လွတ်လာမယ့်အကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးနဲ့ ဒုတိယဝန်ကြီးချုပ် Phumtham Wechayachai က ဒီဇင်ဘာ ၁၇ ရက်က အတည်ပြုပါတယ်။

နိုဝင်ဘာ ၃၀ရက်က မြန်မာ့ရေပိုင်နက်ထဲ ရောက်ရှိနေတဲ့ ငါးဖမ်းစက်လှေတွေကို မြန်မာရေတပ်က ပစ်ခတ်ဖမ်းဆီးရာမှာ Ranong 333 နဲ့ Charoenchai 8 နှစ်စီး ရမိပြီး စက်လှေပါ ရေလုပ်သားတွေကိုပါ ဖမ်းဆီး ခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးသွားတဲ့ရေလုပ်သားတွေထဲ ထိုင်းနိုင်ငံသား ၄ ဦးနဲ့ မြန်မာနိုင်ငံသား ၂၇ ဦး ပါဝင်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ထိုင်းရေလုပ်သားတွေမှာ အသက် ၆၁ နှစ်မှ ၆၉ နှစ်ကြားဖြစ်ပြီး သူတို့လွတ်မြောက်ရေးအတွက် ထိုင်းဝန်ကြီးချုပ်၊ ထိုင်းကာကွယ်ရေးဝန်ကြီး၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့က ဆက်တိုက်တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ပစ်ခတ်ဖမ်းဆီးချိန်မှာ ရေထဲခုန်ချတဲ့ ထိုင်းနိုင်ငံသား ၂၄ နှစ်အရွယ် ရေလုပ်သားတစ်ဦးလည်း သေဆုံးခဲ့ပါတယ်။

စက်လှေပေါ်ပါလာတဲ့ လှေပိုင်ရှင် ထိုင်းနိုင်ငံသားကို မြန်မာရေပိုင်နက်ထဲမှာ တရားမဝင်ငါးဖမ်းဆီးမှု၊ နိုင်ငံထဲတရားမဝင်ဝင်ရောက်မှုတွေနဲ့ ထောင်ဒဏ် ၆ နှစ်၊ ငွေဒဏ် ၂၀၀,၀၀၀ ကျပ်တို့ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ နောက်ထပ်လှေပေါ်ပါ ရေလုပ်သား ထိုင်းနိုင်ငံသား ၃ ယောက်ကိုတော့ တစ်ဦးကို ထောင်ဒဏ် ၄ နှစ် နဲ့ ငွေဒဏ် ၃၀,၀၀၀ ကျပ်စီ ချမှတ်ခဲ့တာဖြစ်ပါတယ်။

မြန်မာရေလုပ်သား ၂၇ ဦးကိုလည်း ထိုင်းရေလုပ်သားတွေနည်းတူ ထောင်ဒဏ် ၄ နှစ်နဲ့ ငွေဒဏ်ချမှတ်ခံရတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံထားရတဲ့ မြန်မာရေလုပ်သားတွေကို ဖမ်းဆီးထိန်းသိမ်းနေတဲ့ကာလတွေအတွင်း လစာခံစားခွင့်ရအောင် ဆောင်ရွက်ပေးသွားမယ်လို့ ဒီဇင်ဘာ ၁၃ ရက်က ရနောင်းမြို့မှာ ရေလုပ်သားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံချိန်မှာ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြောထားပါတယ်။

Photo – The Bangkok Post

ဆက်စပ် သတင်းများ

Most read