၁၉ နိုဝင်ဘာ၊ ၂၀၂၄
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ တောင်ခြမ်း ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်းကို စစ်ကောင်စီက နိုဝင်ဘာလ ၁၈ ရက်က ဒရုန်းနဲ့ဗုံးသီးတွေကြဲတိုက်ခိုက်ခဲ့တာကြောင့် ခရီးသွားကားတစ်စီးကို ထိမှန်ခဲ့ပြီး ဘုန်းကြီးတစ်ပါး အပါအဝင် အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ခရီးသည်ဆယ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းတွေက ရေးသားဖော်ပြပါတယ်။
နိုဝင်ဘာ ၁၈ ရက် မနက်ပိုင်းမှာ ကန့်ဘလူမြို့နယ် တောင်ခြမ်း ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်းတစ်နေရာကို ဇီးကုန်းသကြားစက်အထိုင်စခန်းက စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေက မနက် ၇ နာရီခွဲမှာ ဒရုန်းနဲ့ ၈၁ ဗုံးသီး သုံးလုံး၊ မနက် ၈ နာရီ ၂၀ မိနစ်ဝန်းကျင်မှာ နောက်ထပ် ဗုံးသီး နှစ်လုံး စုစုပေါင်း ဗုံးသီး ၅ လုံး ကြဲချတိုက်ခိုက်တဲ့အတွက် ခရီးသွားကား နှစ်စီးကို ထိမှန်ပြီး ကားပေါ်ပါလာသည့် ဘုန်းကြီးတစ်ပါး နဲ့ အမျိုးသား၂ ဦး၊အမျိုးသမီးတစ်ဦး စုစုပေါင်း ၄ ဦး ထိမှန်သေဆုံးပြီး နောက်ထပ်ခရီးသွားပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သေဆုံးသူတွေထဲက ဘုန်းကြီးတစ်ပါးနဲ့ သုံးဦးဟာ ငွေတိုးမန်း ခရီးသည်ကားနဲ့ လိုက်ပါလာတဲ့ ခရီးသွားပြည်သူတွေဖြစ်ပြီး အမည်နဲ့ နေရပ်လိပ်စာတွေကို ဆက်လက်စုံစမ်းနေဆဲပဲလို့ ဆိုပါတယ်။
ဗုံးသီးကြဲချတဲ့ ရွှေဘို- မြစ်ကြီးနားလမ်းပိုင်းမှာ လတ်တလော တိုက်ပွဲနဲ့ ထိတွေ့မှုလည်း မရှိဘူးလို့ သိရပါတယ်။ လက်ရှိမှာ ဒဏ်ရာရသူတွေကို ဆေးကုသပေးပြီး လုံခြုံတဲ့နေရာမှာ ရှိနေတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုပါတယ်။
ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက စစ်ကြောင်းထိုးပြီး အရပ်သားပြည်သူတွေကို သတ်ဖြတ်တာ၊ ဒေသခံတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်နေပါတယ်။ ဒါ့အပြင် ဒေသခံပြည်သူ အယောက် ၁၃၀ ကို ဖမ်းဆီးသွားတာ နှစ်ပတ်ကျော်ကြာမြင့်နေပြီလို့လည်း ကျွန်းလှတက်ကြွသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်၊
နိုဝင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်တို့မှာလည်း ကန့်ဘလူမြို့နယ်အတွင်းက အလယ်ခုံရွာ၊ကျွန်းလှမြို့နယ် ရွာကုန်းကြီးနဲ့ လိပ်ဆင်းတောင်ရွာတို့ကို တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာနဲ့ နှစ်ရက်ဆက်တိုက်အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ခပေါင်းရုံရွာက ဦးမောင်နိုင်ဆိုသူ ဗုံးစထိမှန်သေဆုံးခဲ့ပြီး ရွာကုန်းကြီးရွာက နေအိမ် ၃ လုံး မီးလောင်ပျက်စီးပြီး၊လိပ်ဆင်းတောင်ရွာက နေအိမ် ၆ လုံး၊ ကားဝပ်ရှော့ကကားသေး ၇ စီး၊ကင်ဒါကားတစ်စီး၊ ဆိုင်ကယ်တစ်စီး၊ နွားတစ်ကောင်သေပြီး တစ်ကောင်ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ပုံစာ – စစ်ကောင်စီဒရုန်းနဲ့ဗုံးသီးကြဲချမှုကြောင့် ပျက်စီးခဲ့တဲ့ ခရီးသည်တင်ယာဉ်
Photo – ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့