Homeပြည်တွင်းသတင်း၁၈ ဘီးကုန်တင်ကားအောက် ခိုလိုက်လာတဲ့ တရားမဝင် မြန်မာ ၈ ဦးကို မဲဆောက်ရဲများ ဖမ်းဆီး

၁၈ ဘီးကုန်တင်ကားအောက် ခိုလိုက်လာတဲ့ တရားမဝင် မြန်မာ ၈ ဦးကို မဲဆောက်ရဲများ ဖမ်းဆီး

၁၇ နိုဝင်ဘာ၊ ၂၀၂၄

၁၈ ဘီးကုန်တင်ကားအောက်ပိုင်းမှာ ခိုလိုက်လာတဲ့ တရားမဝင် မြန်မာနိုင်ငံသား ၈ ဦးကို ထိုင်းနိုင်ငံ၊ တာ့ခရိုင်၊ မဲဆောက်မြို့နယ်ထဲမှာ ဖမ်းဆီးရမိတယ်လို့ တာ့ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၆ ရက်မှာ ဘန်ကောက်လိုင်စင်နံပါတ်တပ်ထားတဲ့ ၁၈ ဘီးကုန်တင်ကားကို ထိုင်းစစ်တပ်၊ မဲဆောက်ရဲစခန်းနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက စစ်ဆေးချိန် တရားမဝင် မြန်မာ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၂ ဦးကို တွေ့ရှိပြီး ဖမ်းဆီးတာ ဖြစ်ပါတယ်။

၁၈ ဘီး ကုန်တင်ကားရဲ့ယာဥ်အောက်ပိုင်းမှာ ကန့်လန့်ထိုးထားတဲ့ သစ်သားပြားတွေကို တွေ့ပြီး တာဝန်ရှိသူတွေက စစ်ဆေးရာက အဲ့ဒီ့သစ်သားပြားတွေမှာ ခိုပြီး လိုက်လာတဲ့ မြန်မာ ၈ ဦးကို တွေ့ခဲ့ရကြောင်း တာ့ခရိုင် လဝကက ထုတ်ပြန်ထားပါတယ်။

အခုလက်ရှိမှာ ထရပ်ကားမောင်းတဲ့ ထိုင်းယာဥ်မောင်းကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားပြီး နိုင်ငံခြားသားတွေကို တရားမဝင် ပြည်ဝင်ခွင့်ရအောင် ပူးပေါင်းကြံစည်မှုနဲ့ တရားစွဲထားပါတယ်။

ထရပ်ကားကိုလည်း ရဲက သိမ်းဆည်းထားပြီး တရားမဝင်ခိုးဝင်လာတဲ့ မြန်မာ ၈ ဦးကိုတော့ တရားဥပဒေအရအရေးယူနိုင်ဖို့ မဲဆောက်ရဲစခန်းကို လွှဲထားတယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ရက်မှာ စစ်မှုထမ်းဥပဒေထွက်ပေါ်လာပြီးနောက်မှာ မြန်မာနိုင်ငံသားအများအပြားက ပြည်ပကို ရွှေ့ပြောင်း ထွက်ခွာဖို့ ကြိုးစားနေပြီး အခုဆို လေဆိပ်မှာပါ ပြည်ပထွက်ခွာသူတွေကို ထွက်ခွာခွင့်ပိတ်ပင်နေတဲ့အတွက် မြန်မာနိုင်ငံသားတွေဟာ အိမ်နီးချင်းနိုင်ငံတွေကို တရားမဝင်နည်းလမ်းတွေနဲ့ သွားရောက်နိုင်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။

Photo – Tak Immigration

ဆက်စပ် သတင်းများ

Most read