၁၅ နိုဝင်ဘာ၊ ၂၀၂၄
ရခိုင်ပြည်နယ် တိုက်ပွဲ (၁)နှစ်တာအတွင်းမှာ စစ်ကောင်စီက ဘာသာရေး အဆောက်အအုံ (၇၀)ကျော်နဲ့ အများပြည်သူနဲ့ဆိုင်တဲ့ အဆောက်အအုံ ၁၅၀ကျော် ဖျက်ဆီးခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ထားပါတယ်။
၂၀၂၃ နိုဝင်ဘာ ၁၃ရက်က စတင်တဲ့ စစ်ဆင်ရေးတိုက်ပွဲတွေအခြေအနေကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်က တစ်နှစ်ပြည့်အထိမ်းအမှတ် ထုတ်ပြန်ရင်း စစ်ကောင်စီရဲ့ ဖျက်ဆီးမှုအခြေအနေတွေကို အာရက္ခတပ်တော်(AA)က ထည့်သွင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းက ဘုန်းကြီးကျောင်း၊ ရှေးဟောင်းယဉ်ကျေးမှုပြတိုက်၊ ဘုရားရှိခိုးကျောင်းနဲ့ ဗလီ အပါအဝင် ဘာသာရေးအဆောက်အအုံ ၇၀ ကျော်ကိုလေကြောင်းက တိုက်ခိုက်တာ ၊ မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့ပါတယ်။
ဒါ့အပြင် စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဈေး၊ ဌာနဆိုင်ရာရုံးတွေနဲ့ ကျောက်တော်မြို့က လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ မြောက်ဦးမြို့က ရှေးဟောင်းယဉ်ကျေးမှုပြတိုက်၊ မောင်တောမြို့က WFPရုံး၊ UNHCR ရုံး၊ ICRCရုံးနဲ့ နယ်စည်းမခြားဆရာဝန်များရုံးတွေအပါအဝင် အများပြည်သူနဲ့ဆိုင်တဲ့ အဆောက်အအုံ ၇၀ကျော်ကိုလည်း စစ်ကောင်စီက ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တောင်ကုတ်မြို့က တံတား ၅စင်း၊ စစ်တွေ၊မအီ၊ ဂွ၊ ကျောက်တော်၊ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းကားလမ်းပိုင်းက တံတား ၁စင်းစီ၊ ဘူသီးတောင်မြို့က တံတား၂စင်း၊ သံတွဲမြို့က တံတား ၇စင်း နဲ့ ကာလရှည်ကြာစွာတိုက်ပွဲပြင်းထန်နေတဲ့ မောင်တောမြို့က တံတား ၉စင်း စုစုပေါင်း တံတား ၂၉စင်းကို စစ်ကောင်စီက ဖျက်ဆီးခဲ့တယ်လို့ AA ဆိုပါတယ်။
မြောက်ဦးမြို့ရှေးဟောင်းယဉ်ကျေးမှုဇုန်ကို ၂၀၂၃ ခရစ်စမတ်ကာလနဲ့ ၂ဝ၂၄ ဇန်နဝါရီတွင် စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်(World Heritage) စာရင်းဝင်ဖို့ အဆိုပြုထားတာကိုသိသိနဲ့ စစ်ကောင်စီက ရည်ရွယ်ချက်ရှိ ရှိ ပစ်ခတ်ဖျက်ဆီးတဲ့အတွက် ဒီလုပ်ရပ်ဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်တယ်လို့AA က ဆိုပါတယ်။
AAရဲ့ ထုတ်ပြန်ချက်မှာ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ် ၄ ခုလုံးမှာ AA က ၉၀%သိမ်းပိုက်ထားနိုင်ပြီလို့ ဆိုပါတယ်။ စစ်ကောင်စီနဲ့ AA တပ်တွေဟာ မောင်တော၊ အမ်း၊ ဂွနဲ့ တောင်ကုတ်တို့မှာ တိုက်ပွဲဖြစ်ပွားနေပါတယ်။
ပုံစာ – AA တပ်ဖွဲ့ဝင်တွေကို သိမ်းပိုက်ထားတဲ့ တပ်စခန်းရှေ့ တွေ့မြင်ရစဉ်
Photo – AA Infodesk