၁၃ နိုဝင်ဘာ၊ ၂၀၂၄
၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၁)ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ပူချယ်ကျေးရွာက ကောက်ရိတ်ပြန်လာတဲ့ အရပ်သားပြည်သူ ၂၀၀ ကျော်ကို ပင်လောင်း-ဖယ်ခုံမြို့နယ်တကြောမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မတရားဖမ်းဆီး ထားတယ်လို့ KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
ဖမ်းဆီးထားတဲ့ ပြည်သူ ၂၀၀ ကျော်ကို ပင်လောင်းမြို့ အားကစားရုံအတွင်း ဖမ်းဆီးထားတယ်လို့ သိရပြီး ဖမ်းဆီးခံထားရသူတွေက ဘယ်သူတွေ ဖြစ်တယ်ဆိုတာနဲ့ အမျိုးသား ဦးရေ၊ အမျိုးသမီးဦးရေ ဘယ်လောက်ပါဝင်နေတယ်ဆိုတာကို KNDF က စုံစမ်းနေတယ်လို့ သိရပါတယ်။
ဖယ်ခုံမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပင်လောင်း-ဖယ်ခုံ ကြားမှာရှိတဲ့ နန့်ဖာမူ ၊ ပင်စုံ၊ လွုင်ကြိုင်း၊ ကုန်းပေါ၊ ဗန်းမောက် ကျေးရွာတွေနဲ့ ဖယ်ခုံမြို့ပေါ်က လူနေအိမ်များအား ဖောက်ထွင်း လုယက်တာ၊ မီးရှို့တာတွေကို လုပ်ဆောင်ခဲ့တယ်လို့ KNDF က ပြောဆိုပါတယ်။
စစ်ကြောင်းထိုးတဲ့ လမ်းတလျှောက်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် (၁၀၀) မက လုပ်ဆောင်ခဲ့ပြီး တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ ကျေးရွာနဲ့ စစ်ရှောင်စခန်းတွေကိုပါ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလအတွင်း ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းနဲ့ တိုက်ခိုက်မှုတွေကြောင့် (၈) နှစ် အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သားပြည်သူ (၆) ဦးသေဆုံးခဲ့ရပြီး (၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
Photo – KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန