Homeပြည်တွင်းသတင်းနယ်စပ်ဂိတ်တွေကနေ မြန်မာကုန်ပစ္စည်းတင်သွင်းရောင်းချတာကို ထိုင်းတွေစိစစ်တင်းကြပ်

နယ်စပ်ဂိတ်တွေကနေ မြန်မာကုန်ပစ္စည်းတင်သွင်းရောင်းချတာကို ထိုင်းတွေစိစစ်တင်းကြပ်

၃ နိုဝင်ဘာ၊ ၂၀၂၄

ထိုင်းနိုင်ငံ နယ်စပ်ဂိတ်တွေကနေ မြန်မာကုန်ပစ္စည်းတွေ တင်သွင်းရောင်းချနေတာကို ထိုင်းအာဏာပိုင်တွေ စိစစ်တင်းကြပ်နေတယ်လို့ မြဝတီ-မဲဆောက်နယ်စပ်ဂိတ်ကို ဖြတ်သန်းနေကြလူတွေက တဆင့်သိရပါတယ်။

ထိုင်း မြန်မာ နယ်စပ်က မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားကနေ မြန်မာကုန်ပစ္စည်းတွေကို သယ်ဆောင်လာရင် စစ်ဆေး ဖမ်းဆီးနေတယ်လို့ ဖြတ်သန်းလာသူတွေက ပြောဆိုပါတယ်။ မြန်မာကုန်တွေကို တရားမဝင် တင်သွင်းရောင်းချမှာ စိုးတဲ့အတွက် ဖမ်းဆီးတာ ဖြစ်တယ်လို့ မဲဆောက်ဈေးမှာ ဆိုင်ဖွင့်ထားသူတွေက ဆိုပါတယ်။

“အရင်က မြဝတီဘက်ကဆိုင်တွေက ကားနဲ့တင်တယ်။ ကားသမားတွေက ဒီဘက်ကို သယ်လာပေးတယ်။ အခု ကားတွေကို သေချာစစ်ပြီး သယ်ခွင့်မပေးတဲ့အပြင်ကားတွေကို ကမ်းကူးခွင့်ပိတ်လိုက်တာမျိုး လုပ်တော့ ကားတွေက သိပ်မသယ်ချင်တော့ဘူး။ ဘတ်ဈေးကျပ်ဈေးကလည်း မငြိမ်တော့ ဈေးက ကျပ်ဈေးအတက်အကျကိုလိုက်ပြီး မြင့်တက်နေရတယ်”လို့ မဲဆောက်ဈေးမှ ဈေးသည်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

“ပုန်းရည်ကြီးတို့ ၊ ဆေးလိပ်တို့၊ မြန်မာဆေးတို့ မြန်မာမုန့်တို့ကို တယောက်စာထက်ပိုပြီး သယ်လာတာမျိုးဆို သိမ်းလိုက်တယ်။ အရင်က မစစ်ဘူး။ အခုကတော့ ကားနဲ့ကော လမ်းလျှောက်ကူးသူတွေကိုကော အထုပ်တွေကို ထိုင်းဘက်အဝင်မှာ စစ်တယ်။ အများကြီး သယ်လာတာတွေ့ရင် ဝင်ခွင့် ပိတ်လိုက်တယ်၊ အဝင်မခံတော့ဘူး အဲ့လိုကြားတယ်”လို့ ၇ ရက် ကမ်းကူးလက်မှတ်လုပ်ပြီး မဲဆောက်မြို့မှာ နေထိုင်သူ တစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ထိုင်းနိုင်ငံက ရက်ပေါင်း ၁၂၀ စီမံချက်မှာ ဈေးရောင်းချသူ မြန်မာလူမျိုး ၂၀၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားတွေဟာ ဈေးရောင်းချခွင့် ဈေးရောင်းရာမှာ ငွေကိုင်ခွင့်ကို တားမြစ်ထားပါတယ်။

ပုံစာ – မဲဆောက်ဈေးတစ်နေရာကို vlogger တစ်ဦး လည်ပတ်စဉ်

Photo – Screencapture

ဆက်စပ် သတင်းများ

Most read